Wednesday, October 27, 2010

မဲမရနိုင်သူ စည်းရုံးရေးမှူးများ အား ငွေ ပြန်အပ်ရမည်ဟု ယူအက်စ်ဒီပီ ပြော

ခိုနူမ်းထုန်သတင်း၊

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ယူအက်စ်ဒီပီကိုယ်စားလှယ်လောင်းများအတွက် မဲမရပါက ပေးထားသည့် ငွေ များ ပြန်အပ်ရမည်ဟု ယူအက်စ် ဒီပီပါတီခေါင်းဆောင်များက ဒေသခံစည်းရုံးရေးမှူးများအား ယခုလ အောက်တိုဘာလ ဆန်းကတည်းက ပြောထားကြောင်း သိရသည်။

ချင်းပြည်နယ်မတူပီမြို့နယ် မဲဆန္ဒနယ်မြေမှ ယူအက်စ်ဒီပီစည်းရုံးရေးစရိတ်အတွက် ကျေးရွာအသီးသီးရှိ စည်းရုံးရေးမှူးများ အား ငွေများအား ပါတီစည်းရုံးရေးအတွက် ငွေများထုတ်ပေးထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲ မရပါက ၄င်းငွေများကို ပြန်လည်အပ်ရမည်ဟု ပြောထားခြင်းဖြစ်ကြောင်း သိရသည်။

” မဲဆန္ဒရှင်အနည်းအများအလိုက် စည်းရုံးရေးမှူးတွေကို ငွေပေးထားတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲမဲအခြေအနေကို ကြည့်ပြီး ငွေတွေကို ပြန်လည်အပ်ခိုင်းတာဖြစ်တယ်၊ ဘယ်လောက်ပေးတယ်ဆိုတာတော့ အတိအကျမသိရပါ ” ဟု
မတူ ပီမြို့နယ် ဝေတူးရွာသားက ပြောသည်။

မတူပီမြို့နယ်၊ ဘနိုင်ရွာ ( အိမ်ခြေ ၂၀) မှ ယူအက်စ်ဒီပီပါတီစည်းရုံးရေးမှူးဖြစ်သူ ဦးယုံဒေါ့ကို ၄င်းတို့ပါတီက
စည်းရုံးရေး စရိတ်အတွက် ကျပ်ငွေ တသိန်းကြိုတင်ထုတ်ပေးထားကြောင်း သိရပြီး မဲပိုမိုရရှိပါက နောက်ထပ် ငွေများပြန်လည် ထုတ် ပေးမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

ယူအက်စ်ဒီပီပါတီသည် ၄င်းတို့အတွက် မဲပေးနိုင်မည်ဟု ယူဆရသော ပြည်သူများကို ဓါတ်ပုံတွေ ရိုက်ခြင်း၊ ကိုယ်ရေး မှတ်တမ်းယူခြင်းများ ပြုလုပ်ထားပြီးဖြစ်သည်ဟု သိရသည်။

“ဓါတ်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ယူထား ဆိုတော့ မဲမပေးယင် တခုခုများ လုပ်ကြမလား စိုးရိမ်တယ် ” ကျောင်း ဆရာတဦးက ပြောသည်။

အဆိုပါ ငွေများကို ယခုလမှ စပြီး ကျေးရွာ ရယက အဖွဲ့ဝင်များအား စတင်ပေးခြင်းဖြစ်ပြီး ဒေသခံများကိုမူ အုပ်စုစာ ရေး တွေဆီကနေ တဆင့် ပေးခိုင်းနေခြင်းဖြစ်ကြောင်း ကြံ့ဖွံ့ပါတီမဲ ဆွယ်ရေးအတွက် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

” ယူအက်စ်ဒီပီကို မဲပေးပါ လို့တော့ မပြောကြဘူး၊ ဒါပေမဲ့ အဲဒီအတွက်ဖြစ်မှာပါ ” ဟု မတူပီမြို့နယ် ဘနိုင်ရွာသားတဦးက ပြောသည်။

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ယူအက်စ်ဒီပီပါတီသည် ဒေသခံများအား ပါတီတံဆိပ်ပါ စွပ်ကျယ်အင်္ကျီများအား အခမဲ့ဖြန့်ဝေနေသည်။

မတူပီဒေသခံများသည် ယူအက်ဒ်ဒီပီပါတီမှ ငွေကြေးများသုံးစွဲပြီး စည်းရုံးနေသော်လည်း တခြားနိုင်ငံရေးပါတီများကို သာ မဲပေးရန် ဆန္ဒရှိကြကြောင်း သိရသည်။

” ကိုယ့်အမျိုးသားရေး ရေရှည်အတွက်တော့ ယူအက်စ်ဒီပီကို မဲမပေးသင့်ဘူး၊ ပြည်သူတွေလဲဒီလိုပဲ စဉ်းစားကြတယ်” ဟု ဒေသခံလူကြီးတဦးက ပြောသည်။

မတူပီမြို့နယ်မဲဆန္ဒနယ်မြေတွင် ယူအက်စ်ဒီပီ ပါတီမှ လူမျိုးစုကိုယ်စားလှယ်အဖြစ် ဦးအာမိ ၊ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်အဖြစ်ဒေါက်တာရိုအုပ် ၊ ပြည်နယ်ကိုယ်စားလှယ် အဖြစ် ဦးအုန်းလွင်၊ ဦး နီလင်းတို့ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ် သည်။

No comments: