ဒီဗွီဘီ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မနေ့က ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ကေအိုင်အေတပ်ရင်း ၃ နယ်မြေအတွင်းဝင်ရောက်လာတဲ့ မပခလက်အောက်ခံ စစ်ကြောင်းတခုကို ကေအိုင်အေတပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေက ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူက ပြောပါတယ်။
“ချီဗွေနဲ့ ဝါးရှောင်ကြားထဲက ဘွမ်တောင်ယန်မှာ မနေ့က အစိုးရ စစ်တပ်က စစ်ကြောင်းသွားနေတဲ့ခါမှာ ကေအိုင်အေက ကြားကနေ ချုံခိုတိုက်တာပေါ့လေ။ အဲဒီမှာ အစိုးရ စစ်တပ်က ၄ ဦးကျတယ်။ ကေအိုင်အေက သေနတ် ၂ လက် ကောက်ခဲ့တယ်။ အဲဒီမှာ ပေါ်တာတွေလည်း တော်တော်များများ ပါတယ်။ တိုက်ပွဲဖြစ်တော့ ပေါ်တာတွေက ပြေးရင်းနဲ့ ကေအိုင်အေနယ်ဘက် ရောက်ခဲ့တယ်ပြောတယ်။ ကေအိုင်အေက ပေါ်တာ ၆ ယောက်ကိုလည်း ထိန်းသိမ်းထားတယ် ပြောတယ်။”
ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာနဲ့ ကေအိုင်အေတပ်စခန်း တွေရှိရာ အနီးတဝိုက်မှာ မြန်မာစစ်တပ်ဘက်မှ စစ်ကြောင်းတွေ ဝင်ရောက်လှုပ်ရှားမှု များပြားလာနေပြီး အဲဒီစစ်ကြောင်းတွေ ချီတက်ရာ လမ်းတလျှောက်က ကျေးရွာတွေမှာ အိမ်မွေး ကြက်၊ ဝက်၊ သတ်စားတာတွေ၊ အမျိုးသားတွေကို ပေါ်တာဆွဲတာတွေ၊ ရိုက်နှက်တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ရှိနေတယ်လို့ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဆင်ဘိုမှ ချီတက်လာတဲ့ စစ်ကြောင်းတခုက ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ မဒီယန်ကျေးရွာ အနီး ကူယန်ဆိုသည့် တောင်ပေါ် ကချင်ရွာမှာ တပ်စွဲစခန်းချနေပြီး ရွာက အသက် ၆ဝ နဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁ဝ ဦးခန့်ကို ကျေးရွာအတွင်း စစ်သားတွေက အဓမ္မပြုကျင့်တာ တွေရှိခဲ့တယ်လို့ ကေအိုင်အိုအမျိုးသမီးရေးရာအဖွဲ့ထံ ဒေသခံရွာသားတွေက လာရောက် တိုင်ကြား ထား ကြောင်း လိုင်ဇာကလာတဲ့သတင်းတွေအရ သိရပါတယ်။
No comments:
Post a Comment