Friday, July 22, 2011

မြဝတီမြို့အနီး အစိုးရတပ် ပစ်ခတ်

ဖနိဒါ

ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် အစိုးရတပ်များက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ကြာသပတေး မနက်တွင် ပြုလုပ်ခဲ့သည်။

ခလရ ၃၅၇ နှင့် ဗိုလ်မှူးမုတ်သုံ လက်အောက် တပ်ခွဲမှူး ဗိုလ်ရှည် ဦးဆောင်သော နယ်ခြားစောင့်တပ်ဖွဲ့ ၁ဝ၂၂ တို့ အင်အား ၆ဝ ခန့်က DKBA တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ မြဝတီအရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ ကျောက်တောင်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“လက်ခတ်တောင် ဘုန်းကြီးကျောင်းပေါ်ကနေ လက်နက်ကြီးတင်ပြီး ကျနော်တို့ကို လှမ်းထုနေတာ။ ကျနော်တို့ မြို့ပေါ်ဝင်ပြီး တိုက်ခိုက်မှုလုပ်မှာ စိုးလို့ သူတို့ဘာသာ လုံခြုံရေး အကာအကွယ် လုပ်နေတာ” ဟု DKBA ၉ဝ၇ ဒုတပ်ရင်းမှူး ဗိုလ်မှူး ကော်ဒိုစိုးက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၉ ရက်တွင် စတင်ခဲ့သော လက်နက်ကြီးသုံး ပစ်ခတ်မှုသည် တရက်နားသွားပြီး ဗုဒ္ဓဟူးနေ့ ညတွင် ပြန်လည်
ဖြစ်ပေါ်ခဲ့သည်။

မြဝတီအနီး ပတ်ဝန်းကျင်၌ ဗိုလ်ချုပ်နှုတ်ခမ်းမွှေး၏ တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာနေသည်ဟု သတင်းရသဖြင့် ပစ်ခတ်ကြောင်း DKBA ဗိုလ်ကြီး စောဆန်းအောင်ကလည်း ပြောသည်။

ရွာသားများကိုလည်း နယ်မြေရှင်းရန် လက်နက်ကြီးများဖြင့် ပစ်ခတ်မည် ဖြစ်သဖြင့် ရွာပြင်မထွက်ရန်ပြောဆိုခဲ့သောကြောင့် ဒေသခံများ အပြင်မထွက်ဘဲ DKBA နှင့် အဆက် ဖြတ်တောက်လိုက်သည်ဟု သူက ဆိုသည်။

အလားတူ ကော့ကရိတ်မြို့နယ်အတွင်း အခြေစိုက်ထားသော DKBA မှ ဗိုလ်မှူးကျော်သက် ဦးဆောင်သော တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များ ပြောက်ကျား တိုက်ပွဲငယ်များ ဆက်လက် ဖြစ်ပွားနေသည်ဟု ဒုတပ်ရင်းမှူး ကော်ဒိုစိုးက
ပြောသည်။

မြဝတီမြို့ခံတဦးကလည်း ၂ ရက်ကြာ ညအချိန်ဆိုလျှင် လက်နက်ကြီးများ ပစ်ခတ်သံများ ကြားနေရသည်ဟု ဆိုသည်။

No comments: