Tuesday, January 24, 2012

အပစ်အခတ် ရပ်စဲရေးတွင် မမွေ့လျော်ရန် မွန်ပြည်သစ် ပြော

အာကာ၊ ကောင်းဝါ သတင်းဌာန


နိုင်ငံရေး ဆွေးနွေး မှုများ ဖြစ်ပေါ် ရန်အတွက် အပစ်အခတ် ရပ်စဲရေး ပြုလို သော်လည်း ယခင် အပစ်အခတ် ရပ်စဲစဉ် ကာလက ကြုံတွေ့ ဖြတ်သန်း ခဲ့ရသည် များကို သင်ခန်း စာယူပြီး၊ အပစ်အခတ် ရပ်စဲ ရေးတွင် မမွေ့ လျော်ကြရန် မွန်ပြည်သစ် ပါတီက ပြောသည်။

ဆဋ္ဌမ အကြိမ်မြောက် မွန် အမျိုးသား ရေးရာ နှီးနှော ဖလှယ်ပွဲ သို့ တက်ရောက်သည့် ကိုယ်စား လှယ်အချို့က မွန်ပြည်သစ် ပါတီအား အပစ်အခတ် ရပ်စဲစေလိုသည့် တင်ပြချက် များနှင့် ပတ်သက်ပြီး ပါတီ ဥက္ကဌ နိုင်ထောမွန်က အပိတ် မိန့်ခွန်းတွင် ကိုယ်စား လှယ်များ အား ပြောကြားခြင်း ဖြစ်သည်။

“အပစ်အခတ် ရပ်စဲတာက လွယ်တယ်။ ဒါပေမဲ့ နိုင်ငံရေးကို ဆွေးနွေးဖို့က မလွယ်ဘူး။ အရင်က နိုင်ငံရေး ဆွေးနွေးဖို့ ကျနော်တို့ အပစ် အခတ် ရပ်စဲခဲ့တယ်။ ဒါပေမဲ့ ၁၅ နှစ်လောက် ကြာခဲ့တယ်။ ဘာမှ ဖြစ်မလာဘူး” ဟု နိုင်ထောမွန်က ပြောသည်။

လက်ရှိအစိုးရအဖွဲ့အတွင်း စစ်ဘက်မှ ပြောင်းလဲလာသူ များပြားခြင်းနှင့် မဟာလူမျိုးကြီးဝါဒကို ဆုပ်ကိုင်ထားခြင်းကြောင့် နိုင်ငံရေး ဆွေး နွေးရန်အတွက် ခက်ခဲဖွယ် ရှိကြောင်း သူက ပြောသည်။

၁၉၉၅ ခု အပစ်အခတ် ရပ်စဲရေး နောက်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်မလာခြင်း၊ ပါတီဝင်အချို့ စီးပွားရေးနှင့် မွေ့လျော်ပြီး အနားယူသွားခြင်း၊ ပါတီနယ်မြေအနီးတွင် အစိုးရတပ်သစ်များ တိုးချဲ့ ချထားခြင်းကြောင့် ပြည်သူများ မြေယာသိမ်းဆည်းခံရခြင်းနှင့် ပါ တီဝင် အများအပြား ပါတီမှ အနားယူသွားခြင်း စသည်တို့ကို ထောက်ပြကာ ပြောဆိုခြင်း ဖြစ်သည်။

ယခင် အပစ်အခတ် ရပ်စဲစဉ်က ပါတီအင်အား ၇,၀၀၀ ခန့် ရှိသည့် မွန်ပြည်သစ်ပါတီတွင် ၂၀၁၀ ခု အပစ်အခတ် ရပ်စဲရေး ပျက်ပြားချိန်၌ အင်အား ၂,၀၀၀ ဝန်းကျင်သာ ကျန်ရှိသည်ဟု ပါတီနှင့် နီးစပ်သူများက ခန့်မှန်းကြသည်။

၂ဝ၁၁ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်များနှင့် ပထမအကြိမ် ပဏာမ ဆွေးနွေးခဲ့စဉ်ကလည်း မွန်ပြည်သစ် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အပစ်အခတ် ရပ်စဲပါက အချိန်အပိုင်းအခြားတခု သတ် မှတ်ကာ နိုင်ငံရေး ဆွေးနွေးပွဲကို အမြန်ဆုံး ပြုလုပ်ရန် လိုကြောင်း တင်ပြခဲ့သည်။

ယခုလ နောက်ဆုံးသီတင်းပတ်တွင် ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးနိုင်ရန်အတွက် မွန်ငြိမ်းချမ်းရေး အကျိုးဆောင်များမှတဆင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူထံသို့ အကြောင်းကြားထားသည်ဟု မွန်ပြည်သစ် ဗဟို ကော်မတီ ဝင်တဦးက ပြောသည်။

ဆွေးနွေးပွဲတွင် တင်ပြနိုင်ရန်အတွက် ယနေ့တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီများ ဗဟိုဌာနချုပ်၌ ညှိနှိုင်းဆွေးနွေးလျက် ရှိသည်ဟု မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်းက ပြောသည်။

သို့သော်လည်း မည်သည့်ရက်နှင့် မည်သည့်အချက်ကို တင်ပြဆွေးနွေးမည်ကို မသိရှိသေးကြောင်း သူက ပြောသည်။

ဆဋ္ဌမအကြိမ်မြောက် မွန်အမျိုးသားရေးရာ နှီးနှောဖလှယ်ပွဲကို မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်း ဖိုက် ကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ ကျင်းပခဲ့ပြီး မွန်ပြည်သစ် အပါအဝင် ပြည်တွင်း၊ လွတ်မြောက်နယ်မြေ၊ ထိုင်း နှင့် နိုင်ငံတကာရောက် မွန်ကိုယ်စားလှယ် ၇၇ ဦးနှင့် လေ့လာသူ ၁၅ ဦး တက်ရောက်ခဲ့သည်။

မွန်အမျိုးသားရေးရာအဖွဲ့ချုပ်က ဦးစီးကျင်းပသည့် အဆိုပါ နှီးနှောဖလှယ်ပွဲတွင် မျက်မှောက် မွန်အမျိုးသားတို့၏ နိုင်ငံရေး၊ စစ်ရေး၊ ပ ညာရေးနှင့် မွန်အမျိုးသားရေးရာအဖွဲ့၏ ဦးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ ကိုယ်စားလှယ်များက ပြည်တွင်း မွန် နိုင်ငံ ရေး ပါတီနှစ်ခု ပေါင်းစည်းရန်နှင့် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကိုလည်း ပြည်သူ့လွှတ်တော် ပါလီမန်ကဲ့သို့ မြှင့်တင်သွားရန် စသည်တို့ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

No comments: