Tuesday, January 24, 2012

ပါကစ္စတန် သမ္မတ မြန်မာနိုင်ငံ​ရောက်ရှိ

ပီတာအောင်

ပါကစ္စတန် သမ္မတ အာဆစ် အလီဇာ ဒါရီဟာ မြန်မာ နိုင်ငံမှာ ၂ ရက်ကြာ ချစ်ကြည်​ရေး​ အလည် အပတ် ခရီး​ အဖြစ် ကြိုတင် ​ကြေညာ ထား​ခြင်း ​မရှိဘဲ ဒီကနေ့​ ​ရောက်ရှိ​ နေပါတယ်။

ဒီခရီး​စဉ် အတွင်း​ သမ္မတ ဦး​သိန်း​စိန် အပါအဝင် မြန်မာ​ ခေါင်း​ဆောင်​ တွေနဲ့​တွေ့​ဆုံပြီး​ ​ဒေသတွင်း​ နဲ့​နိုင်ငံ တကာ နှစ်နိုင်ငံ အကျိုး​တူ ကိစ္စ​တွေ အထူး​ သဖြင့်​ စီး​ပွား​ ရေး​နဲ့​ ကုန်သွယ်​ရေး​ ပူး​ပေါင်း​ ဆောင်ရွက်ဖို့​ ဆွေး​နွေး​မယ် လို့​ပါကစ္စတန် သမ္မတရဲ့​ ဝက်ဆိုက်မှာ ​ကြေညာ ထား​ပါတယ်။

နှစ်နိုင်ငံ အကြား​ ​ရေနံနဲ့​ သဘာဝ ဓာတ်​ငွေ့​ ကဏ္ဍ​ တွေမှာ ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​ တိုး​မြှင့်​ ဆောင်ရွက်ဖို့​နဲ့​ နှစ်နိုင်ငံ စီး​ပွား​ရေး​ ကိုယ်စား​လှယ်​တွေ မကြာခဏ သွား​လာ ဖလှယ်ကြ ဖို့​လည်း​ ​ဆွေး​နွေး​ ကြဖို့​ ရှိတယ်လို့​ သိရပါတယ်။

ပါကစ္စတန်သမ္မတဟာ ​နောက်တ​နေ့​မှာ ရန်ကုန်ကို သွား​ရောက်ပြီး​ မြန်မာ့​ဒီမိုက​ရေစီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို သူ့​ရဲ့​ ​နေအိမ်မှာ သွား​ရောက် ​တွေ့​ဆုံဖို့​ ရှိ​နေတယ်လို့​ ပါကစ္စတန်သမ္မတရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဖာဟာတူလာဘာဘာရဲ့​ ​ကြေညာချက်မှာ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အတွင်း​ရေး​မှူး​ အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆောင်ရွက်ချက်ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ပါကစ္စတန်ဝန်ကြီး​ချုပ်​ဟောင်း​ ဘာ​နေဇာဘူတို အထိမ်း​အမှတ် ဆုတံဆိပ်​ပေး​အပ်ဖို့​ ဆုချီး​မြှင့်​ရေး​အဖွဲ့​က ပုဂ္ဂိုလ်​တွေ လာ​ရောက်ဖို့​ ရှိတယ်လို့​ ​ပြောပါတယ်။

၂၀၀၇ ခုနှစ်က လုပ်ကြံခံခဲ့​ရတဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ဘနာဇီယာဘူတိုဟာ ​ဒေါ်​ဆောင်ဆန်း​စုကြည် ​နေအိမ် အကျယ်ချုပ်ကျခံ​နေစဉ်က ပြန်လွှတ်​ပေး​ဖို့​အာဆီယံ​ခေါင်း​ဆောင်​တွေကို စာ​ရေး​ ​တောင်း​ဆိုခဲ့​ဖူး​ပါတယ်။ ပါကစ္စတန်သမ္မတ ခရီး​စဉ်မှာ ပါကစ္စတန်ပြည်သူ့​ပါတီက ဥက္ကဋ္ဌ Bilawal Bhutto Zardari ဘာဘာဝယ်လ် ဘူတိုဇာဒါရီလည်း​ လိုက်ပါသွား​တယ်လို့​သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာပြီး​နောက် ​ဒေသတွင်း​နိုင်ငံ​တွေက ​ခေါင်း​ဆောင်​တွေသာမက အ​နောက်နိုင်ငံ​တွေက ​ခေါင်း​ဆောင်​တွေပါ မြန်မာနိုင်ငံကို ခပ်စိတ်စိတ် သွား​ရောက် လည်ပတ်​နေချိန်မှာ ပါကစ္စတန် ​ခေါင်း​ဆောင်​တွေ ​ရောက်ရှိလာတာ ဖြစ်ပါတယ်။

သမ္မတ ဦး​သိန်း​စိန်ရဲ့​ နိုင်ငံ​ရေး​ဆိုင်ရာ အကြံ​ပေး​ဒေါက်တာ ​နေဇင်လတ်က​တော့​ အခုလို နိုင်ငံတကာက အကြီး​အကဲ​တွေ မြန်မာနိုင်ငံကို အဆက်မပြတ် လာ​ရောက်လာရတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံ​ရေး​ဖြစ်စဉ် တိုး​တက်ဖြစ်ထွန်း​မှုရဲ့​ ရလဒ်ဖြစ်ပြီး​ နှစ်နိုင်ငံအကြား​ စီး​ပွား​ရေး​နဲ့​ နိုင်ငံ​ရေး​အရ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ ပိုအား​ကောင်း​လာမယ်လို့​ပြောပါတယ်။

“အခုကျ​နော်တို့​ နိုင်ငံ​ရေး​ဖြစ်စဉ်က တိုး​တက်မှုကို ​တော်​တော်​လေး​ ထင်သာမြင်သာ​လေး​ ရ​နေပြီ။ ​နောက်ပြီး​ အ​နောက်ဖက်က​နေ ဖိအား​တွေ ပိတ်ဆို့​မှု​တွေကလည်း​ တချို့​လည်း​ စပြီး​တော့​ ဖြုတ်မှာ​ပေါ့​၊​ အဲဒီ​တော့​ နိုင်ငံ တနိုင်ငံအ​နေနဲ့​က တစ်က ပုံမှန်အ​နေအထား​ကို ပြန်​ရောက်သွား​တာ​ပေါ့​။ အဲဒီအခါမှာ နိုင်ငံတကာဆက်ဆံ​ရေး​မှာ ပို​ကောင်း​လာပြီ။ ရင်း​နှီး​မြှုပ်နှံမှုကလည်း​ ပိုလာပြီ။ နှစ်နိုင်ငံမှာ အကြီး​အကဲ​တွေ တနိုင်ငံနဲ့​ တနိုင်ငံ လည်ပတ်ကြပြီဆိုတဲ့​ အချိန်မှာ ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​လည်း​ ပါမယ်​လေ။ စီး​ပွား​ရေး​ ကတိကဝတ်​တွေလည်း​ ပါကြမယ်။ ဘာပဲ​ပြော​ပြော နှစ်နိုင်ငံက စီး​ပွား​ရေး​ ပူး​ပေါင်း​ ​ဆောင်ရွက်မှု​တွေ၊​ နိုင်ငံ​ရေး​ ရင်း​နှီး​မှု​တွေ ဒါ​တွေကျ​တော့​ ပိုအား​ကောင်း​လာမှာပါ။”

ပါကစ္စတန် မြန်မာ နှစ်နိုင်ငံဆက်ဆံ​ရေး​နဲ့​စီး​ပွား​ရေး​ အလား​အလား​တွေနဲ့​ ပတ်သက်ပြီး​ မြန်မာ့​ဓနစီး​ပွား​ရေး​ မဂ္ဂဇင်း​ အယ်ဒီတာ ဦး​သီဟ​စောက ခုလို သုံး​သပ် ​ပြောကြား​ပါတယ်။

“ကျ​နော်သိသ​လောက်​တော့​ နဂိုကတည်း​က ကုန်သွယ်မှုက ရှိပါတယ်။ ​ဆေး​ဝါး​တွေ​ပေါ့​။ သူတို့​ဘက်က သွင်း​တာ​တွေ ရှိတယ်။ ​နောက် စစ်​ရေး​ပေါ့​။ တပ်မ​တော်လည်း​ ဟိုး​အရင်တုန်း​က သူတို့​ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ ရှိတယ်။ ရင်း​နှီး​မြုပ်နှံမှု​တော့​ ကျ​နော်တို့​ သိသ​လောက် သိပ်မရှိဘူး​။ လာမယ်ဆိုရင်​တော့​ သူ့​မှာရှိတဲ့​ နည်း​ပညာ​တွေနဲ့​ လာလို့​ရတာ​ပေါ့​။ နဂိုကတည်း​က ဆက်ဆံ​ရေး​က ဗမာက အိန္ဒိယနဲ့​ကော ပါကစ္စတန်နဲ့​ပါ မျှပြီး​တော့​ ဆက်ဆံထား​တော့​ တ​ယောက်က ခင်မင်ရင်း​နှီး​မှု ရှာ​တော့​ ​နောက်တ​ယောက်ကလည်း​ ရှာတာ​ပေါ့​။ အဲဒီသ​ဘောပဲ ရှိပါတယ်။ ကျ​နော်တို့​ ဒီမှာရှိတဲ့​ ​ရေနံရှာ​ဖွေ​ရေး​တို့​ ဘာတို့​မှာ စိတ်ဝင်စား​ကောင်း​ စိတ်ဝင်စား​မယ်။ ဒါ​ပေမယ့်​ လာတဲ့​ထဲမှာ​တော့​ ကိုယ့်​အိမ်နီး​ချင်း​ထဲမှာဆိုရင် သူက နည်း​နည်း​တောင် ​နောက်ကျ​သေး​တယ်လို့​ ​ပြောလို့​ရတယ်။”

ပါကစ္စတန်နိုင်ငံဟာ မြန်မာအပါဝင် အာဆီယံနိုင်ငံ​တွေနဲ့​လည်း​ လွတ်လပ်တဲ့​ ကုန်သွယ်မှု သ​ဘောတူ စာချုပ်​တွေ အပြီး​သတ် ချုပ်ဆိုချင်​နေတာ ဖြစ်ပါတယ်။ မြန်မာအစိုး​ရပိုင် သတင်း​စာ​တွေမှာ​တော့​ ပါကစ္စတန်သမ္မတရဲ့​ မြန်မာနိုင်ငံ ခရီး​စဉ်နဲ့​ပတ်သက်ပြီး​ ​ရေး​သား​ ​ဖော်ပြ ခြင်း​ မရှိ​သေး​ပါဘူး​။

No comments: