Tuesday, January 24, 2012

အစိုးရ နှင့် ပဏာမ အဆင့် တွေ့ရန် သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) ကော်မတီဖွဲ့

သျှမ်းသံတော်ဆင့်


သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်နယ် အဆင့် ကိုယ်စားလှယ် နှင့် ယခုလ နှောင်းပိုင်း၌ တွေ့ဆုံရန် သျှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့ခေါ် သျှမ်းပြည် တပ်မတော် SSPP/SSA က ကိုယ်စား လှယ်ဖွဲ့စည်းပြီးဖြစ် ကြောင်း သိရှိ ရပါသည်။

“ဟုတ်တယ် ဗဟို ကော်မတီ အစည်း အဝေး ကနေ စနေနေ့ တုန်းက ဆုံးဖြတ် တာပါ။ လာမယ့် ၂၈ ရက်နေ့ တောင်ကြီးမှာ သွားတွေ့ကြ မယ်” - သျှမ်းပြည်တိုးတက်ရေးပါတီဒုအတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းထူးကပြော ပါသည်။

ဗဟိုကော်မတီအစည်းဝေးမှ ဆုံးဖြတ်ချက်အရ သျှမ်းပြည်တိုးတက်ရေးပါတီ နိုင်ငံရေး အဖွဲ့မှူး ဗိုလ်မှူးကြီး ခွန်ဆိုင်က ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ဖွဲ့စည်းထား၏။

သျှမ်းလူထု ဆန္ဒအရ ဦးသိန်းစိန် အစိုးရ ကမ်းလှမ်း သည့် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးရေး အစီအစဉ် လက်ခံ ရခြင်း ဖြစ်သည် ဟူ သည့် ကြေငြာချက် တစောင်အား ဂျန္နဝါရီ ၂၂ ရက်နေ့ က ထုတ်ပြန်ခဲ့ ပါသည်။

‘သျှမ်းပြည် တိုးတက်ရေး ပါတီ ဗဟို ကော်မတီ၏ ဆွေးနွေး သဘောတူ ညီချက်အရ မိမိတို့ ဖက်မှ ငြိမ်းချမ်းရေး နည်း နှင့် နိုင်ငံရေး ပြ ဿနာ ဖြေရှင်း သွားကြရန် ဗဟို ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းပြီး မကြာမှီ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကိုယ် စား လှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း - ပြည်သူ လူထုတရပ်လုံးအား အသိပေးထုတ်ပြန်ကြေငြာသည်ဟု ဆိုသည်။

၂၀၁၁ မတ်ခ်ျ ၁၃ ရက်နေ့ကစ၍ အစိုးရစစ်တပ်က သျှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့အား စတင်ထိုး စစ်ဆင် ခဲ့၏။ပြည်တွင်း ငြိမ်း ချမ်းရေးဖေါ်ဆောင်ရန် ဩဂတ်စ် ၁၈ ရက် သမ္မတ ဦးသိန်းစိန်ထုတ်ပြန်ပြီးနောက် ပိုင်းတိုက်ပွဲများလျော့ပါးသွားသော်လည်း အစိုးရ စစ်တပ်တို့ တပ်ရုပ်ပေးခြင်းမရှိသောကြောင့် စစ်ပြေးဒုက္ခ သည် များ ယနေ့တိုင် နေရပ်မပြန်ရဲသေးဘဲ တခြားဒေသ၌ ခိုလှုံနေကြရသည်။ အပစ်ရပ်စဲရန် နှစ်ကြိမ် ထက်မနည်းတွေ့ဆုံပြီးဖြစ်သော်လည်း အောင် မြင်မှုမရှိသေးပါ။

No comments: