Wednesday, January 25, 2012

မွန်အမျိုးသား ပါလီမန်တည်ထောင်မည်

အဇံ၊ ကောင်းဝါ သတင်းဌာန


မွန် အမျိုးသား ပါလီမန် တရပ် တည်ထောင်ရန် မွန် နိုင်ငံရေး ခေါင်းဆောင်များက ၆ကြိမ်မြောက် မွန် အမျိုးသား ရေးရာ နှီးနှော ဖလှယ် ပွဲတွင် ဆုံးဖြတ်ချက် ချမှတ် လိုက်သည်။

ထိုင်း- မြန်မာ နယ်စပ်တွင် ပြုလုပ်သည့် ၃ ရက်ကြာ နှီးနှော ဖလှယ်ပွဲ နောက်ဆုံး ရက်တွင် ပါလီမန် တည်ထောင် ခြင်းနှင့် ပတ်သက်၍ အခြေ အတင် ဆွေးနွေး ပြီးနောက် ယင်းသို့ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က ပါလီမန် တည်ထောင်ရာတွင် မွန်ပြည်နယ်အတွင်းရှိ မွန်လူမျိုးများ၏ သဘောတူညီချက် ရယူရန် လိုအပ်သည်ဟု ဆိုသည်။

“ကျနော်တို့ ကိုယ်တိုင် ကိုယ့်ပါလီမန်နဲ့ကိုယ် တည်ဆောက်မယ်ဆိုရင် ပွဲခင်းထဲက ဟာသမြောက် ပါလီမာန်လိုမျိုး ဖြစ်သွားလိမ့်မယ်” ဟု သူက ပြောသည်။

မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူး နိုင်ကသုမွန်က “အခု ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမူတွေ ဖြစ် ပေါ်နေတဲ့အတွက် ပြင်ဆင်မှုတခုအနေနဲ့ ကျနော်တို့ မွန်တွေအတွက် လုပ်ထားသင့်တယ်” ဟု ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ နိုင်သုဝဏ္ဏ က “ကျနော်တို့ စိတ်ကူးယဉ် အရမ်းဆန်လွန်းတယ်။ ပါလီမန် ရှိရင် အစိုးရ ရှိရမယ်။ အခု ဘယ်သူ အစိုးရ လုပ်မှာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။

ယခင်က မြန်မာအစိုးရသည် ပြည်သူတို့၏ ထောက်ခံမှု မပါဘဲ ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ ဖွဲ့စည်းပုံအတိုင်း ဆက်လက် အုပ်ချုပ် နေသည့် အ တွက် မွန်များ အနေနှင့်လည်း ကိုယ်ပိုင် ယာယီ ပါလီမန် တရပ် တည်ထောင်သင့်ကြောင်းကို နှီးနှောဖလှယ်ပွဲ တက်ရောက်သည့် ကိုယ် စားလှယ်များက ထောက်ပြ ပြောဆိုသည်။

တနှစ်အတွင်း ပါလီမန်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ အပြီးသတ် ရေးဆွဲရမည် ဖြစ်ပြီး၊ ပါလီမန်ကို ၂ နှစ်အတွင်း အကောင် အထည် ဖော် တည်ထောင်ရန် သဘောတူညီချက်များ ရရှိခဲ့သည်။

ပါလီမန်တွင် ဦးဆောင်ရမည့် အစိုးရအနေနှင့် လက်ရှိ မွန်ပြည်သစ်ပါတီကို ကိုယ်စားလှယ်အချို့က အဆိုတင်သွင်းသော်လည်း မွန် ပြည် သစ် ခေါင်းဆောင်များက လက်မခံပဲ၊ ပါလီမန်တွင် ပါဝင်သင့်သူများနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးသင့်သည်ဟု ပြောသည်။

ယခုဖွဲ့စည်းမည့် ပါလီမန်သည် အနာဂတ် မွန်ပြည်နယ် ပါလီမန်အတွက် အထောက်အကူ ဖြစ်လိမ့်မည်ကို ယုံကြည်သည်ဟုလည်း ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခဲ့ကြသည်။

No comments: