Wednesday, January 25, 2012

နို့​ဖိုး​ဒုက္ခသည်စခန်း​အနီး​ရှိ ထိုင်း​ရွာ ပစ်ခတ်ခံရ၊​ ရွာသား​အချို့​သေဆုံး

မန်းစိုင်းမွန်

ထိုင်း​နိုင်ငံ တာ့​ခရိုင် အုန်း​ဖန်မြို့​နယ် မြန်မာဒုက္ခသည်များ​နေထိုင်ရာ နို့​ဖိုး​ဒုက္ခသည်စခန်း​အနီး​က ​ကျေး​ရွာတရွာကို အမည်မသိ လက် နက် ကိုင်​တွေ ဝင်​ရောက်ပစ်ခတ်လို့​ ရွာသား​နှစ်ဦး​ ​သေဆုံး​ပြီး​ တဦး​ ဒဏ်ရာရသွား​ပါတယ်။

မ​နေ့​ညက နို့​ဖိုး​ဒုက္ခသည်စခန်း​ ​တောင်ဘက် ၁၀ မိုင် အကွာ နယ်စပ်ဂိတ်အနီး​ ပန်း​ခလယ်ရွာရှိ ရပ်ကွက် ၉ ထဲကို အမည်မသိ တပ်တတပ်က ဝင်လာပြီး​ အိမ်​ပေါ်မှာ အိပ်​ပျော်​နေတဲ့​ ရွာသား​တွေကို ပစ်ခတ်သွား​တာလို့​ ရွာသား​တွေက ​ပြောပါတယ်။

ထိုင်း​မီဒီယာ​တွေမှာ​တော့​ မြန်မာဘက်က အမည်မသိ လက်နက်ကိုင်​တွေက ဝင်​ရောက်ပစ်ခတ်ခဲ့​တာလို့​ ​ပြောဆို​ပေမယ့်​ ဘယ်အဖွဲ့​ဆိုတာ မ​ပြောနိုင်​သေး​ပါဘူး​။

ဒီပစ်ခတ်မှု​ကြောင့်​ ထိုင်း​ လင်မယား​နှစ်ဦး​ ​သေဆုံး​ခဲ့​ပြီး​ ၁၄ နှစ်အရွယ် မိန်း​က​လေး​တဦး​ ​သေနတ်ဒဏ်ရာ​ကြောင့်​ မဲ​ဆောက်​ဆေး​ရုံ ပို့​ခဲ့​ရ​ပေမယ့်​ အ​ခြေအ​နေ မစိုး​ရိမ်ရဘူး​လို့​ ရွာသား​တွေက ​ပြောပါတယ်။

အခင်း​ဖြစ်ပွား​ရာ ​နေရာကို ထိုင်း​လုံခြုံ​ရေး​ အဖွဲ့​တွေကို လိုက်လံပြသတဲ့​ ပန်း​ခလယ်ရွာသား​ နိုင်ချတ်ချဝမ်က “ဒီဘက်က​နေ သိပ်မကြား​ရဘူး​။ လူနာနဲ့​ လိုက်သွား​တဲ့​ က​လေး​က ဒီမှာအိပ်တာ။ ​ပြောကြတာက အများ​ကြီး​လာတယ်။ ၁၀ ​ယောက်​ကျော်၊​ ၁၅ ​ယောက်ရှိတယ်။ လက်နက်လာစမ်း​တာ။ ဟိုမှာ​တွေ့​လား​ ​သွေး​တွေ စီး​ကျ​နေတာ” လို့​ ​ပြောပါတယ်။

အုန်း​ဖန်မြို့​ အုပ်ချုပ်​ရေး​မှူး​က အခင်း​ဖြစ်ပွား​ရာ ​ဒေသမှာ နယ်ခြား​ကန့်​သတ်ထား​တဲ့​ ခြံစည်း​ရိုး​တွေ မရှိ​တော့​တဲ့​အတွက် နှစ်ဘက်နိုင်ငံက လူ​တွေ အမြဲ ကူး​လူး​သွား​လာ​နေကြ​ကြောင်း​၊​ လွန်ခဲ့​တဲ့​နှစ် ဒီဇင်ဘာလကလည်း​ အခုလို အမည်မသိတပ်​တွေ ဝင်လာပြီး​ ထိုင်း​ရွာသား​နှစ်​ယောက်ကို ပြန်​ပေး​ဆွဲပြီး​ သတ်ဖြတ်သွား​တယ်လို့​ပြောပါတယ်။

မဲ​ဆောက်အ​ခြေစိုက် ထိုင်း​နယ်ခြား​စောင့်​ ရဲနဲ့​ အထူး​ ​ခြေမြန် တပ်ရင်း​တွေက ပန်း​ခလယ် ရွာက​နေ အုန်း​ဖန်မြို့​အကြား​ နယ်စပ်တ​လျှောက် မ​နေ့​ကစပြီး​ လုံခြုံ​ရေး​ တိုး​မြှင့်​ထား​ပါတယ်။

No comments: