Wednesday, January 25, 2012

ဖားကန့် ကျောက်စိမ်း မှော်သစ်ဖွင့်ပွဲ KIO ကျင်းပ

KNG


ကချင်ပြည်နယ် ဖားကန့်မြို့ နယ်တွင် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)က ပန်မာ ဆွတ်ကြိုင် ကျောက်စိမ်းမှော် သစ်ဖွင့်ပွဲကို ဇန်န၀ါ ရီလ (၂၄) ရက်၊ အင်္ဂါနေ့၌ ကျင်းပ ခဲ့သည်။

ကျောက်စိမ်းလုပ်ကွက်သစ်များကို စီးပွားရေးကုမ္ပဏီများထက် လူမျိုးမရွေး သာမန်အရပ်သားပြည်သူများသို့ ခွဲဝေချပေးရန် ရည်ရွယ်ချက်ဖြင့် ပန်မာဆွတ်ကြိုင်မှော် (Pangma Sut Chyai Maw)အား KIOမှ ဖွင့်လစ်လိုက် ခြင်းဖြစ်သည်။

မှော်သစ်ဖွင့်ပေးရန် သာမန်အရပ်သားပြည်သူများ ဖားကန့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ သို့ အကြိမ်ကြိမ်တောင်းဆိုချက်အရ KIO ဗဟိုဌာနချုပ်မှ စီမံပေးခြင်းဖြစ်သည်ဟု ဖွင့်ပွဲတက်ရောက်သူများ ကချင်သတင်းဌာန သို့ပြောသည်။

လုပ်ကွက် တစ်ဧကလျှင် ကျပ်ငွေ ငါးသိန်းနှုန်းဖြင့် ချပေးသွားရန် ဖွင့်ပွဲတွင် KIO မှ ကြေညာခဲ့ကြောင်းလည်း သိရသည်။

လုပ်ကွက် သစ်တွင် မည်သူမဆို လူမျိုး ဘာသာမရွေး ကျောက်တူး ဖော်နိုင်ကြောင်း KIA တပ်ရင်း ၆ ကျောက်စိမ်းမှော် ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူး မဂျီနော်ရင်းမှ ရှင်းလင်း သည်ဟုဆိုသည်။

အထက်မှော် ခေါ် ပန်မာဆွတ်ကြိုင်မှော်သစ်သည် ဖားကန့်မြို့နယ် ဂင်ဆီကျေးရွာ အရှေ့တောင်ဘက် အူရာချောင်းအနီးရှိပြီး ဖားကန့်မှော်သည် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) နယ်မြေဖြစ်သည်။



အထက်မှော်သစ်ဖွင့်ပွဲသို့ ကျောက်တူးသမားများ၊ လောပန်းများ၊ ဒေသခံပြည်သူများ ငါးရာကျော်တက်ရောက် ကာ နံနက် (၁၁) နာရီတွင် ၀တ်ပြုဆုတောင်းခြင်းဖြင့် ဖွင့်ပွဲစတင်သည်ဟု သိရသည်။

သိက္ခာတော်ရ ဆရာ ဘောင်တူးဂျာ၊ ဆရာတော် ပက်ထရစ်အင်ဘင်နော်ဒီး၊ သိက္ခာတော်ရ ဆရာ ဇခုန်ယော်တိန့်၊ သိက္ခာတော်ရ ဆရာ ခိန်နော် တို့ အနုမောဓနာပြု ဦးဆောင်ဆုတောင်းကြသည်။

ယခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှ KIO က ဖားကန့်ကျောက်စိမ်းမှော်လမ်း ပိတ်ထားရာ ဇန်န၀ါရီလ ၁၃ ရက်တွင် ပြန်လည် ဖွင့်ပေးခဲ့သေးသည်။

၁၉၉၄ ခုနှစ် မြန်မာ စစ်အစိုးရနှင့် KIO အပစ်အခတ် ရပ်ဆိုင်း ပြီးနောက် ဖားကန့် ဒေသသည် မြန်မာ အစိုးရတပ် ထိန်းချုပ်မှု အောက် ရောက် ရှိ လာရာ ယမန်နှစ် တိုက်ပွဲများ ပြန်လည်ဖြစ် ပွားလာ၍ မူရင်း အခြေ အနေသို့ ပြောင်းလဲ လာသည်။

မြန်မာအစိုးရသည် ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်စိမ်းတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ မေရိကန်ဒေါ်လာ ၂.၂ ဘီလီယံကျော်ဖြစ်၍ နိုင်ငံခြားဝင်ငွေ ဒုတိယအများဆုံးရရှိသည်။

တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တောင်းဆိုနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းနေသည့် အရပ်ဝတ်လဲမြန်မာအစိုးရသစ်ကြား ပြီးခဲ့သည့် ဇန်န၀ါရီ ၁၈-၁၉ တရုတ်နိုင်ငံ ရွှေလီမြို့ တွေ့ဆုံပွဲကာလအထိ နိုင်ငံရေးအဖြေရှာနိုင်ခြင်းမရှိဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွား နေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ဆက်တွဲဇယား-၂ အရ ကချင်ပြည်နယ်အစိုးရသည် ပြည်နယ်တွင်း ကျောက်မျက် ရတနာ ဖြတ် တောက်ခြင်းနှင့် သွေးခြင်း ကဏ္ဍတွင်သာ အာဏာ သက်ရောက်သည်။

No comments: