ဒီဗွီဘီ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေး တိုင်း ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီက ပဒုမ္မာ ခန်းမမှာ မနေ့က အထိ သုံးရက်ကြာ ကျင်းပတဲ့ ကာတွန်း ပြပွဲနဲ့ ဈေးရောင်းပွဲမှာ ကူညီတဲ့ ပန်းချီ ဆရာတွေကို ဒီကနေ့ အခမ်း အနားနဲ့ ဂုဏ်ပြု ပါတယ်။
အဲဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကာတွန်းဆရာ ၁၁ ဦးကို ဂုဏ်ပြုလက်ဆောင် ပစ္စည်းတွေ ပေးအပ်ပါတယ်။ ကာတွန်းဆရာတွေထဲက ဟာကြူလီကလည်း ပြန်လည် ကျေးဇူးတင်စကား ပြောကြားပါတယ်။
သုံးရက်ကြာ ကာတွန်းပြပွဲမှာ မန္တလေးတိုင်း အောင်နိုင်ရေးကော်မတီက ဈေးရောင်းပွဲတော်လုပ်ပြီး ကာတွန်းစာအုပ်တွေ၊ ကလေးဖတ်စ ရာ၊ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိစာအုပ်တွေ၊ အဖွဲ့ချုပ်တံဆိပ်၊ ရင်ထိုး၊ အင်္ကျီတွေကို တည်ခင်းရောင်းချပါတယ်။
အဲဒီကရတဲ့ ရန်ပုံငွေကို နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ရာမှာ အဓိက သုံးစွဲမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
“ပြပွဲရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးအကျဉ်းသားများအတွက် ပံ့ပိုးကူညီဖို့ ဖြစ်ပါတယ်။ ရတဲ့ ရန်ပုံငွေကို။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားများအတွက် အလှူခံပုံး တခု အဲ့ထဲမှာ ဖွက်ထားပါတယ်။ အဲ့မှာလည်း အကျဉ်းသားတွေ ထောက်ပံ့ဖို့အတွက် အလှူငွေတွေ အမြောက်အမြားလည်း လာထည့်သွားကြပါတယ်။ အားလုံးပေါင်း ၃ ရက် ကျင်းပတာမှာ ပရိသတ်ကလည်း ၃ ရက်လုံး ကြိတ်ကြိတ်တိုး အားပေးကြပါတယ်။”
ဒီကာတွန်းပြပွဲနဲ့ ဈေးရောင်းပွဲကို မနက် ၇ နာရီကနေ ည ၁၀ နာရီထိ ကျင်းပရာ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။
သုံးရက်ကြာကျင်းပတဲ့ ဒီပွဲမှာ မန္တလေး အိုးဘိုထောင်အတွင်းရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၇၆ ဦးအတွက် အလှုငွေကောက်ခံရာမှာ လှူဒါန်း ငွေ ၁၉ သိန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကာတွန်းပန်းချီတွေကို စီဒီအဖြစ် ရောင်းချရာကနေ ၃ သိန်း ၃ သောင်းကျော်နဲ့ စာရေးဆရာ လူထုစိန်ဝင်းနဲ့ စာရေးဆရာ ဖေမြင့်တို့ရဲ့ ဒီမိုကရေစီဆိုင်ရာ စာအုပ်တွေကို ရောင်းချရာက ရရှိငွေ ပါဆို ၂၃ သိန်းကျော် ရခဲ့တယ်လို့ အဖွဲ့ချုပ်မန္တလေးတိုင်း သတင်းပြန်ကြားရေးတာဝန်ခံ ဦးမျိုးနိုင်က ရှင်းပြပါတယ်။
ဒီငွေတွေကို မတည်ပြီး မကြာခင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို စတင်ကူညီသွားမယ်လို့ ဦးမျိုးနိုင်က ပြောပါတယ်။
No comments:
Post a Comment