Monday, December 17, 2012

ကျောက်ဖြူ အထူးစက်မှုဇုန် ရခိုင်ကမ်းရိုးတန်းကို ခြိမ်းခြောက်နေဟု အစီရင်ခံစာဆို

ဖနိဒါ | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စက်မှုဇုန် စီမံကိန်း တည်ဆောက်ခြင်းသည် ရခိုင် ကမ်းရိုးတန်းဒေသအား ခြိမ်းခြောက်နေခြင်း ဖြစ် သည်ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင့် ရေနံ စောင့်ကြည့်ရေး အဖွဲ့ AOW က ပြောဆိုလိုက်သည်။

အမေရိကန်ဒေါ်လာ ၁ဝ၉ ဘီလီလျံ ကုန်ကျမည့် ၎င်းစီမံကိန်းအား တရုတ်နိုင်ငံမှ CITIC Group၊ ဂျပန်နိုင်ငံမှ Nippon Koei ကုမ္ပဏီများ နှင့် မြန် မာနိုင်ငံမှ ထူးထရေးဒင်း ကုမ္ပဏီတို့ ပါဝင်မည် ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အပြီး တည်ဆောက် ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ယင်းစီမံကိန်း အကောင်အထည် ပေါ်လာပါက ဒေသခံများ၏ နယ်မြေ သိမ်းဆည်းခံရခြင်း၊ သဘောဝ ပတ်ဝန်းကျင် အဆိပ်အတောက် ဖြစ် မှုနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း နှစ်နှစ်ကြာ သုတေသန ပြုလုပ်၍ ‘အန္တ ရာယ်ဇုံ’ အမည်ရှိ အစီရင်ခံစာကို ဒီဇင်ဘာလ တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု AOW ၏ ဒါရိုက်တာကျော်ခိုင်ကပြော သည်။

“ကျောက်ဖြူမှာ တရုတ်က စီမံကိန်းဆွဲထားတဲ့ ပုံစံအတိုင်းဆိုရင် ဓါတုစက်ရုံတွေ တော်တော်များ များ ဆောက်ဖို့ အစီအစဉ် ရှိတယ်။ ဒီဓါတု စက်ရုံတွေက လေထုညစ်ညမ်းမှုတွေ၊ သဘောဝ ပတ်ဝန်းကျင် ပျက်ဆီးမှုတွေကို အများကြီး ဖြစ်နေတဲ့အတွက် ကျနော်တို့က ဒေသခံတွေ အတွက် ကြီးမားတဲ့ အန္တရာယ်တွေ ရှိတယ်ဆိုတာကိုထောက်ပြတာ ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

တရုတ်-မြန်မာသွယ်တန်းထားသော ရေနံနှင့် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း စတင်ရာ အနီးတဝိုက်တွင် စင်္ကာပူနိုင်ငံ အရွယ်အစား ၁၂ဝ စတုရန်း ကီလိုမီတာ (ဧက ၃ သောင်း) ကျယ်ဝန်းသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်းဖြင့် ရွာပေါင်း ၄ဝ ခန့် ပြောင်းရွှေ့ခံရမည် ဖြစ်ကြောင်း ယင်းတို့ အစီရင်ခံစာတွင် ပါရှိသည်။

စီမံကိန်းကြောင့် ကမ်းရိုတမ်းရေးလမ်း အနည်းဆုံး စတုရန်း ကီလိုမီတာ ၇ဝ ခန့် တိုက်ရိုက် ထိခိုက်မှု ရှိပြီး ဒေသခံများ ၏ အသက်မွေး ဝမ်း ကျောင်းမှ လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းများ ပျက်သုဉ်းလာနိုင်ခြင်းနှင့် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်အတွင်း ပေါက်နေသော လမု တောကြီးများ ပျောက်ကွယ် သွားနိုင်ခြင်း စသည့် အန္တရယ်များနှင့်ခြိမ်းခြောက်ခံရနိုင်သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလနှင့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတို့တွင် တရုတ်နှင့် မြန်မာ ကျောက်ဖြူ စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဇုံ တည်ဆောက်ရန် သဘောတူညီမှုအရ ရေနက် ဆိပ်ကမ်း တခု၊ ရထားလမ်း၊လေယာဉ်ကွင်းနှင့် စက်မှုဇုံများပါဝင်မည့် အထူးစီးပွားရေး ဇုံတခု ကို တည်ဆောက်ရန် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

စီမံကိန်းတွင် ကျောက်ဖြူမြို့မှ အမ်း၊ မင်းဘူး၊ မကွေး၊ မန္တလေး၊ လားရှိုးနှင့် မူဆယ်မြို့များကို ဖြတ်ပြီး တရုတ်နိုင်ငံတောင်ဘက် ယူနန် ပြည် နယ် ရွှေလီမြို့အထိ ဆက်သွယ်မည့် မိုင် ၅ဝဝ ခန့် ရှည်လျားသော ရထားလမ်းတခု တည်ဆောက်ရန် ရထားဝန်ကြီးဌာနနှင့် တရုတ် နိုင်ငံ Raiways Engineering Corporation တို့ နားလည်မှု စာချွန်လွာကို ၂ဝ၁၁ ခုနှစ်၊ ဧပြီလက လက်မှတ်ရေးထိုးခဲ့သည်။ ထိုရထား လမ်းအတွက် ဒေါ်လာ ဘီလီလျံ ၂ဝ အကုန်ကျခံ၍ လာမည့် ၂ဝ၁၅ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်ပြီး နောင်နှစ်ပေါင်း ၅ဝ ကြာ တရုတ်နိုင်ငံက အ သုံးပြုသွားမည် ဖြစ်ကြောင်း သဘောတူညီထားသည်။

စီမံကိန်း အစီအစဉ် အကောင်အထည်မဖော်မီ CITIC ကုမ္ပဏီနှင့် မြန်မာအစိုးရအနေဖြင့် စီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ် အ ချက် အလက်များအား ပြည်သူလူထုနှင့် သက်ဆိုင်သည့် နိုင်ငံရေးပါတီများနှင့် ထိခိုက်ခံ လူ့အဖွဲ့ အစည်းများထံ သတင်းထုတ်ပြန်ပေးရန် နှင့်သ ဘောဝပတ်ဝန်းကျင်၊ လူအခွင့်အရေးနှင့် လူမှုဘဝ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ရန်တွင် နိုင်ငံတကာ စံချိန်စံညွှန်အတိုင်း လိုက်နာ ဆောင်ရွက်ပေးရန် AOW က တိုက်တွန်းတောင်းဆိုထားသည်။

၂ဝ၁၁ ခုနှစ်မှ စတင်၍ တရုတ် ကုမ္ပဏီများက နယ်မြေတိုင်းတာမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ သို့သော် မြန်မာအစိုးရ အ နေဖြင့် တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

၂ဝဝ၆ ခုနှစ် ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့ကို သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး၊ ရေနံပိုက်လိုင်း အစရှိသည့် စီမံကိန်း ကြီး များ ရပ်ဆိုင်းရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကာကွယ်နိုင်ရေး၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ရေနံပိုက်လိုင်းများမှ မြန်မာတ နိုင်ငံလုံး အကျိုးအမြတ်များ ခံစားခွင့် ရရှိစေရေးအတွက် စတင် ဖွဲ့စည်း ခဲ့သည်ဟု ဒါရိုက်တာကျော်ခိုင် က မဇ္ဈိမကို ပြောဆိုသွားသည်။

No comments: