Tuesday, December 18, 2012

ရပ်/ကျေး အုပ်ချုပ်ရေးမှူးသစ် ရွေးရာ၌ မဲမသမာမှုများရှိနေ

မေစစ်ပိုင်

ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ရာတွင် မဲမသမာမှုများ ဖြစ်ပေါ်နေသည့် အတွက် ပြန်လည်ရွေးချယ် ပေး ရန် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရွေးချယ်ရေး အဖွဲ့များသို့ တင်ပြ တိုင်းကြားခြင်းများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဘ ၅ ဦးတို့က
ဦးဆောင်ပြီး ဒေသခံ ပြည်သူများကို ရွေးကောက်ပွဲ ပုံစံ မဲစနစ်ဖြင့် လျှို့ဝှက် ရွေးချယ် တင်မြှောက်ရမည် ဖြစ်သော်လည်း မြို့နယ် တချို့မှ ရပ်/ကျေးများတွင် နည်းလမ်းတကျ မဟုတ်သည့် ပုံစံဖြင့် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ခြင်းများ ရှိနေကြောင်း သိရသည်။

ဒေသခံ ပြည်သူများကို အသိပေးခြင်းပင်မရှိဘဲ ရွေးချယ်ရမည့်အမည်များကို ကြိုတင်သတ်မှတ် မဲပေးစေခြင်း၊ ရွေးချယ်ပြီး အုပ်ချုပ် ရေးမှူး အမည်ကိုသာ ကြေညာပေးခြင်း၊ အများပြည်သူက သဘောတူရွေးချယ်ခြင်း မဟုတ်သည့် အုပ်ချုပ်ရေးမှူးသစ်များ ခန့်ထားခြင်းအပေါ် ကျေနပ်မှု မရှိကြကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

“မသမာမှု ကိစ္စတွေရှိလာရင် ရွေးတုန်းက ပါဝင်ခဲ့တဲ့ ရပ်မိရပ်ဘတွေက ဖြေရှင်းပေးမယ်။ သူတို့ မရှင်းနိုင်တော့မှ ဌာနက ဖြေရှင်းသွားမယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ကျော်စိုးက ပြောပြ သည်။

အဆိုပါ မဲမသမာမှုများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ယခုအချိန်အထိ တိုင်ကြားခြင်း လုံးဝမရှိသေးကြောင်း၊ တရားမဝင် လုပ်ကိုင်ဆောင်ရွက်မှုများကို ၎င်းတို့အနေဖြင့် မသိရှိသော်လည်း တိုင်ကြားမှုများရှိလာပါက စိစစ်ပေးမည်ဟုလည်း သူကဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးအောင်မျိုးဦးက“၂၀၁၀ ရွေးကောက်ပွဲ တုန်းကတောင် မဲမသမာမှုတွေ ရှိခဲ့တာပဲ၊ ရပ် ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးရာမှာ မသမာမှုတွေကတော့ ရှိမှာပဲ”ဟု ပြောသည်။

တချို့ ရပ်ကွက်များတွင် နိုင်ငံရေး ပါတီဝင်များက ရပ်ကျေး အုပ်ချုပ်ရေးမှူးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို မြို့နယ်လွှတ်တော် ကိုယ်စားလှယ်တချို့က ကန့်ကွက်ကြသဖြင့် ရွေးချယ်ရန် အချိန် ကြန့်ကြာခြင်းများ ရှိခဲ့ကြောင်း သိရသည်။

“မြို့နယ်အုပ်ချုပ်ရေးရုံးက ကြိုတင်ရွေးထားပြီးမှ ရပ်ကွက်သူရပ်ကွက်သားတွေကို အကြောင်းကြားလာတယ်။ အစည်းအဝေးခေါ်တယ်။ ဘာလို့ အကြောင်းမကြားဘဲ ကြိုရွေးတာလဲ မေးတော့ အထက်က လုပ်တာပဲလို့ ပြောတယ်။ အခုတော့ ရွေးရမယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူး အသစ် ရပ်ကွက်က စောင့်ကြည့်နေတယ်”ဟု ဘုရင့်နောင်မြို့နယ်နေ ဦးခင်မောင်ကြည် က ပြောသည်။

မင်္ဂလာဒုံမြို့နယ်တွင် ဒီဇင်ဘာ ပထမပတ်တွင်းက အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ၏ဆန္ဒ နှင့် မကိုက်ညီဘဲ မဲမသမာမှုများ ရှိခဲ့သည့်အတွက် ရပ်ကွက်နေသူများက ပြန်လည် ရွေးချယ်ပေးရန် သက်ဆိုင်ရာ ဌာနနှင့် ရွေးချယ် ပေးရာတွင် ပါဝင်သော ရပ်မိရပ်ဘများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူး နေရာကိုတော့ ရွေးပြီး သွားပြီ ဆိုပေမယ့် ရပ်ကွက်က မကျေနပ်ဘူး။ ဘယ်သူမှန်းမသိတဲ့အပြင် ရပ်ကွက်အတွက်
ဘာမှ လုပ်ပေးခဲ့တာမျိုးလည်း မရှိတာကြောင့် ပြန်ရွေးပေးဖို့ စာတင်ထားတယ်။ လောလောဆယ်တော့ အရင် အုပ်ချုပ်ရေးမှူးဟောင်းပဲ ရုံးဆက်ထိုင်နေတယ်”
ဟု ယင်းမြို့နယ်နေထိုင်သူ တဦးက ဆိုသည်။

ထို့အပြင် ကရင်ပြည်နယ် ဘားအံမြို့နှင့် အနီးဝန်းကျင်ရှိ လာကပြင်၊ ထောင်ကလပ်၊ ညောင်သကန်၊ ဇေးပသွယ်၊ လှိုင်းဘွဲ့ စသည့် ကျေးရွာပေါင်း ၇၀ ခန့်၌ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခဲ့ရာတွင် ဒေသခံများ၏ဆန္ဒနှင့် မကိုက်ညီဘဲ ရွေးချယ်ပြီး အုပ်ချုပ်ရေးမှူး အမည်ကိုသာ အသိပေးခြင်း၊ ဒေသခံများ သဘောထားမပါဘဲ အုပ်ချုပ်ရေးမှူးဟောင်းနှင့် နီးစပ်ရာများကိုသာ ဆွဲခန့်ခြင်းများ ရှိနေ သောကြောင့် ဒေသခံများမှာ ကျေနပ်ခြင်း မရှိကြကြောင်း သိရသည်။

ဘားအံမြို့၊ ဇေးပသွယ်ကျေးရွာ ဒေသခံတဦးက“ရွာခံတွေကိုမပြောဘဲနဲ့ အရင်အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်ရာတွေကိုပဲ ရွေးလိုက် တယ်။ ရွေးပြီးသားကို အသိပေးလိုက်တဲ့ သဘောမျိုးပဲ ရှိတယ်။ ဒီတော့မကျေနပ်ကြဘူး”ဟု ဆိုသည်။

တောင်ကလေး ကျေးရွာ နောင်သကန်ကွင်းရှိ ကျေးရွာပိုင်မြေပေါင်း ၂၀ခန့်ကို အကွက်ရိုက် ရောင်းစားခဲ့သည်ဟုဆိုကာ တရားစွဲဆို ခံထားရသော အုပ်ချုပ်ရေးမှူး ဦးဘောဦးက“ဒေသခံတွေရဲ့ကောင်းကျိုးဆိုးကျိုးက ကျနော်နဲ့ဘာမှ မဆိုင်ဘူး၊ သူတို့ဘာသာ သူတို့ ဖန်တီးရမှာပဲ။ မြေရောင်းစားတာတွေ လာဘ်စားတာတွေကတော့ ကျန်တဲ့ရွာတွေက အုပ်ချုပ်ရေးမှူးတွေလည်း ဖြစ်နေတာပဲလေ” ဟု ပြောသည်။

အဆိုပါကျေးရွာတွင် အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ရခြင်းမရှိသည့်အတွက် လွန်ခဲ့သည့် ၁၆ နှစ်ခန့်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ ဦးဘောဦးကပင် လက်ရှိအချိန်ထိ ဆက်လက်အုပ်ချုပ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

“ဒီရွာမှာ အုပ်ချုပ်ရေးမှူးနေရာကို အထက်က ရွေးချယ်ပေးဖို့ လာတာမျိုး၊ အကြောင်းကြားတာမျိုး မရှိဘူးဗျ။ ဒေသခံတွေက ကောင်းကောင်း ဆိုးဆိုး ခံနေရတယ်။ သေနတ် ပစ်ဖောက် ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိတယ်။ အရင်တုန်းက
သက်ဆိုင်ရာကို တိုင်တာမလုပ်တော့ ပိုဆိုးတယ်”
ဟု တောင်ကလေး ကျေးရွာ ဒေသခံ ဦးရွှေလှစိန်က ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များကို သတ်မှတ်ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဒီဇင်ဘာလအတွင်း အပြီးသတ် ရွေးချယ်သွားမည်ဟု ကြေညာထားသည်။

No comments: