Tuesday, December 11, 2012

လက်ပံတောင်းကိစ္စ ဆန္ဒထုတ်ဖော်သဖြင့် အဖမ်းခံခဲ့ရသူများ အာမခံနှင့် ပြန်လွတ်ပြီ

ကြယ်ပြာ

လက်ပံတောင်းတောင် သပိတ်ကို အကြမ်းဖက်ဖြိုခွဲခဲ့မှု ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ပွဲများ၌ ဦးဆောင်မှုဖြင့် အ ဖမ်း ခံထားရသူ ၈ ဦးအား ယနေ့တွင် တရားရုံးများမှနေ၍ အာမခံဖြင့် လွှတ်ပေးလိုက်ပြီဖြစ်သည်။

တရားစွဲဆိုခံခဲ့ရသူများမှာ Generation Wave (GW) မှ ကိုမိုဃ်းသွေး၊ ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုး၊ ဒေါ်နော်အုန်းလှ၊ ဒေါ် ရှမ်းမ၊ ကိုညီညီ၊ ကိုဝေဠု၊ ကိုရဲလင်းနှင့် ကိုမျိုးချစ်တို့ဖြစ်ကြောင်း၊ ကိုယ်တိုင် ခံဝန်ချက်ဖြင့်သာ အာမခံ ပေးလိုက်ခြင်းဖြစ်ပြီး လက် မှတ်တစုံ တရာ မထိုးခဲ့ရကြောင်း သိရသည်။

ကိုမိုဃ်းသွေးနှင့် ကိုအောင်စိုးတို့သည် နိုဝင်ဘာ ၃၀ ရက်နေ့က လက်ပံတောင်းတောင်သပိတ်အား အကြမ်းဖက်ဖြိုခွဲခဲ့မှု အပေါ် အစိုးရအနေ ဖြင့် တရားမျှတမှုရှိစွာဖြင့် တာဝန်ယူ ဖြေရှင်းပေးရန်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးရန်၊ အဆိုပါ စီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်း ဆို ဆန္ဒပြခဲ့ခြင်းကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး စီတန်း လှည့် လည်ခွင့် ဆိုင်ရာ ပုဒ်မ ၁၈ နှင့်နိုင်ငံတော်အားအကြည် ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ကျောက်တံတား၊ ပန်ဘဲတန်းနှင့် ဗဟန်းမြို့နယ် ရဲစခန်းတို့မှ တရားစွဲဆိုခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်နော်အုံးလှ၊ ဒေါ်ရှမ်းမ၊ ကိုဝေဠု၊ ကိုညီညီ၊ ကိုမျိုးချစ်နှင့် ကိုရဲလင်းတို့အားလည်း ယင်းရဲစခန်းများကပင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ဆိုခဲ့ ကြသည်။

“ပုဒ်မ ၁၈ နဲ့ တရားဆွဲတာကို လက်ခံနိုင်သေးတယ်။ ပုဒ်မ ၅၀၅ (ခ) ကိုတော့ ကျနော်တို့ မကျေနပ် ပါဘူး။ ကျနော်တို့ ဆန္ဒထုတ်ဖော်တာက အစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး၊ တာဝန်ယူဖို့ တိုက်တွန်းတာပါ။ ဒါကြောင့် ဒီပုဒ်မကြီး ပြန်ရုပ် သိမ်းပေးဖို့ တောင်းဆိုပါတယ်” ဟု ကိုမိုဃ်း သွေးက ဧရာဝတီသို့ ပြောသည်။

အဖမ်းခံခဲ့ရသူများ အားလုံးသည် ထောင်အတွင်း နေထိုင်စဉ်၌ တိုက်ပိတ်ခံရကာ သီးသန့် ထားခဲ့ကြောင်း၊ အပြင်လူများဖြင့် တွေ့ဆုံခွင့် မရှိခဲ့ ကြောင်း သိရသည်။

လက်ပံတောင်းတောင် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခြင်း မရှိသော်လည်း လက်ပံတောင်းတောင် အရေးကြောင့် ရန်ကုန်မြို့တွင်း ဆန္ဒထုတ် ဖော် ပွဲများ ဖြစ်ပွားနေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်လည်း ယမန်နေ့က အာမခံဖြင့် လွတ်မြောက်ခဲ့သည်။ ၎င်း သည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ပါဝင်ခဲ့သူ ဖြစ်သည်။

၎င်းသည် ရန်ကုန်မြို့ရှိ ခြောက်ထပ်ကြီး ဘုန်းကြီးကျောင်း၊ မဂ္ဂင်ကျောင်းနှင့် သန်လျင်မြို့ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်း အတွင်း ကျူး ကျော်ဝင်ရောက် နေထိုင်ခဲ့သောကြောင့် ပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုနှင့် ပုဒ်မ ၄၅၄ ဖောက်ထွင်းဝင် ရောက်မှု စသည့် ပုဒ်မ ၃ ခုတပ်ခါ ဒီဇင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“ကျနော်က အာမခံကြေး သိန်း ၄၀ ပေးခဲ့ရတယ်။ အဖမ်းခံရတော့ ဘာဥပဒေ အရာရှိနဲ့မှ မတွေ့ရဘဲ သန်လျင်ကအချုပ်ခန်းထဲကိုထည့်လိုက် တာပဲ။ နောက်တော့ အင်းစိန်ထောင်ထဲ ပို့လိုက်ပြီး တိုက်ပိတ်ခံခဲ့ရပါတယ်” ဟု ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင်ကိစ္စ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ နောက် ထပ် အဖမ်းအဆီး တစုံတရာ မရှိစေရေးအတွက် အာမခံချက် ပေးထားခဲ့သော်လည်း နယ်မြို့များအတွင်း ဆန္ဒဖော်ထုတ်သူများ အားလိုက် လံဖမ်းဆီး နေမှုများ ရှိနေသေးကြောင်း ကိုညီညီလွင်က ပြောသည်။

မနက်ဖြန်တွင်လည်း လက်ပံတောင်းတောင်တွင် ဘုန်းတော်ကြီးများနှင့် ဆန္ဒထုတ်ဖော်ခဲ့သည့် လူထုအား အကြမ်းဖက် နှိမ်းနှင်းခဲ့မှုနှင့် ပတ် သက်၍ ဆန္ဒထုတ်ဖော်မှုများကို သံဃာတော်များနှင့် လူအများစုပေါင်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားရန် အစီအစဉ် များ ရှိ နေကြောင်း သတင်းရရှိသည်။

No comments: