Wednesday, December 12, 2012

ပုသိမ်တွင် ဆန္ဒပြ သံဃာတော်နှင့် ဦးဆောင်သူများ အမှုဖွင့်ခံရ

သန့်စင်ငြိမ်းချမ်း

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် ၂ ရက် ဆက် ပြုလုပ်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြပွဲဦး ဆောင် သူ ၃ ဦးကို ပုသိမ်မြို့ရှိ အသည်ကြီး ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရဲ သတင်းရပ်ကွက်မှ သိရသည်။

ဒီဇင်ဘာ ၁၀၊ ၁၁ ရက်တွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲနှင့်ပတ်သက်ပြီး ၂၀၀၇ ရွှေဝါရောင် ဆရာတော် ဦးတေဇောဘာသ (ခေါ်) ဦး ပဉ္ဇင်း နိုင်ကြီး၊ တက်ကြွ လှုပ်ရှားသူ ကိုကျော်စွာနှင့် ကိုမြင့်အောင်တို့အား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အသည်ကြီး စခန်းမှ ရဲအရာရှိတဦးက တရားလိုပြုလုပ်၍ ယနေ့ အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကို အမှုဖွင့်ထားတယ်။ “ပ” နံပါတ် (ပြစ်မှုနံပါတ်)တော့ မထွက်သေးဘူး။ ပုဒ်မ ၁၈ နဲ့ ဖွင့်ထား တာပေါ့။ အသည်ကြီးစခန်းက ရဲအရာရှိ တယောက်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတာ။ တရားစွဲ၊ မစွဲတော့ မသိသေးဘူး”ဟု ပုသိမ် ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦး က ပြောသည်။

ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် အသည်ကြီးရဲစခန်းသို့ ဧရာဝတီမှ သွားရောက်မေးမြန်းခဲ့ရာ တာဝန်ရှိ ရဲဝန်ထမ်းတဦးက အမှုဖွင့်ထား သည် မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

“ဆန္ဒဖော်ထုတ်မှုနဲ့ပတ်သက်ပြီး လူ ၃ ယောက်ကို အမှုဖွင့်ထားတယ်ဆိုတာ မှန်ပါတယ်။ ဒီကိစ္စက စခန်းမှူး ခွင့်ပြုမှ ပြောလို့ရမှာပါ။ ခွင့်မပြုရင် ပြောပြလို့ မဖြစ်ဘူး ခင်ဗျ”ဟု အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင် ၃ ဦးသည် ဆန္ဒဖော်ထုတ်ခွင့်ကို မြို့နယ်နှင့် တိုင်းရဲတပ်ဖွဲ့များထံ ၇ ရက် ကြိုတင် တောင်းခံခဲ့သော်လည်း ခွင့်မပြု သဖြင့် မူလသတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဆန္ဒဖော်ထုတ်ကြရာမှ ယခုကဲ့သို့ အမှုဖွင့်ခံရခြင်း ဖြစ်သည်။

အမှုဖွင့်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေဝါရောင်ဆရာတော် ဦးတေဇောဘာသက“ဦးပဉ္ဇင်းတို့ကတော့မြန်မာပြည်ကြီးကောင်း စားရေး အတွက် လုပ်နေတာပါ။ အမျိုးဘာသာ သာသနာကို ထိပါးလာလို့ အခုလိုတွေ လုပ် ဆောင်နေတာပါ။ ပြည်သူ လူထု မလိုလား တဲ့ ဒီ စီမံကိန်း မရပ်မချင်းကတော့ ဖမ်းဆီး တရားစွဲထောင်ချလည်း ရင်ဆိုင်သွားမှာပါ” ဟု ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ဖြစ်ရပ်ကို ရှုတ် ချ ပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ရာ တသီးပုဂ္ဂလ တက်ကြွလှုပ်ရှားသူများအပြင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ပုသိမ် ခရိုင်)၊ လူ့ အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်(HRWDN) နှင့် အမျိုးသား ဒီမိုကရေစီ ကွန်ရက်(NDN) အဖွဲ့များပါ ပူးပေါင်း ၍ ဆန္ဒ ဖော် ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများက “၀မ်ပေါင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး”၊“သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအ နှစ်များ မပပျောက်ရေး”၊“ပြည်သူပိုင်ပစ္စည်းနှင့် သယံဇာတများ အလွဲသုံးစားပြုလုပ်ခြင်း – အလိုမ ရှိ” စသဖြင့် ကြွေးကြော် ၍ ပုသိမ်မြို့ရှိ အဓိကကျသည့် နေရာများနှင့် လူစည်ကားရာဈေးများ အနီးတွင် လှည့်လည် ဆန္ဒဖော် ထုတ်ကြခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်စဉ်အတွင်း နယ်မြေခံ ရဲတပ်ဖွဲ့၊ ခရိုင် ရဲ ရုံး၊ ရဲ အထူး သတင်းတပ်ဖွဲ့၊ စစ်ဖက်ရေးရာထောက်လှမ်းရေးအဖွဲ့များကဗီဒီယို၊ ဓာတ် ပုံ မှတ်တမ်း ရိုက်ကူးမှုများ ပြုလုပ်ခဲ့ကြသော်လည်း တစုံတရာ တားဆီးနှောင့်ယှက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲသို့ တိုင်းအဆင့် သံဃနာယက အဖွဲ့မှ စေလွှတ်လိုက်သည်ဟု ဆိုကာ သံဃာတော် တပါးက ဆိုင် ကယ်ဖြင့် လိုက်ပါကြည့်ရှုပြီး ဓာတ်ပုံမှတ်တမ်းယူခြင်း၊ သတင်းပို့ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။

“ဦးပဉ္ဇင်းက တိုင်းအဆင့် သံဃနာယက အဖွဲ့ကပါ။ ဒီ ဆန္ဒဖော်ထုတ်မှုမှာ ပုသိမ်က သံဃာတွေ ပါဝင်တာ ရှိမရှိ လိုက်ကြည့်တာပေါ့။ ဒီက အ ခြေအနေတွေ အကုန်လုံးကိုလည်း အထက်က ဆရာတော်တွေဆီကို သတင်းတွေဆက်တိုက် ပေးပို့နေတယ်။ ဘုန်းကြီး တွေ ဒဏ်ရာရတဲ့ ကိစ္စကို ဘယ်လို သဘောထားလဲ ဆိုတော့ သံဃာအလုပ် သံဃာလုပ်ပေါ့နော်။ သံဃာတော် နဲ့ မဆိုင်ဘူးလို့ ဘုန်းကြီးတို့ သံဃနာယက က ဒီလိုပဲ သတ်မှတ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ပွဲ သတင်းလိုက်ယူသည့် နဂါးနှစ် ကောင် ကျောင်း တိုက် မှ အဆိုပါ သံဃာ က မိန့်ကြားသည်။

ယနေ့ကျရောက်သည့် ၁၂. ၁၂. ၂၀၁၂(၁၂ သုံးလုံး) နေ့တွင်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုပွဲနှင့် အ ကြမ်း ဖက် နှိမ်းနှင်းခဲ့သည့် ဖြစ်ရပ်အပေါ် ရှုတ်ချပွဲများ ပုသိမ်မြို့၌ ဆက်လက်ပြုလုပ်ရန် စီစဉ်ထားကြောင်း ဦးဆောင်သူများက ပြော သည်။

No comments: