Thursday, December 20, 2012

အပစ်ရပ်သော်လည်း လူ့ အခွင့်အရေး ချိုးဒဖောက်မှုများ ခံနေရဆဲ

သတင်းနှင့်မီဒီယာ ကွန်ယက်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလအတွင်း အကြမ်း ဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက် လက် ဖြစ်ပေါ်နေသည့်အပေါ် ရှမ်းလူထုများ စိတ်ပျက်နေကြောင်း SWAN အဖွဲ့က ဆိုသည်။

ရှမ်းပြည်နယ်တ၀ှမ်း သုံးပတ်ကြာ နယ်လှည့်ခရီးစဉ်အတွင်း လူထုနှင့် တွေ့ဆုံဆွေးနွေး ချက်များအပေါ် အခြေခံ၍ ပြည်ပအခြေစိုက် ရှမ်း အ မျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြီး ချင်းမိုင်မြို့ တနေရာတွင် ယ နေ့ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

ဒေသတွင်း စီမံကိန်းများကြောင့် လယ်ယာမြေ အသိမ်းခံရမှု အပါအ၀င် အဓမ္မ လုပ်အား စေခိုင်းမှု၊ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုကြောင့် စစ် ပြေးဒုက္ခသည်များ အခြေအနေနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက် ဖြစ်ပေါ် နေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြောင်း ခရီးစဉ်အတွင်း လိုက်ပါခဲ့သည့် SWAN ပြောခွင့်ရသူ ယိင်းဟန်ဖက အခုလို ပြောဆို သည်။

“အဓိက ပြဿနာကတော့ ငြိမ်းချမ်းရေး လုပ်ပြီးတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ အခုဆို ကိုယ့်မြို့တောင် ကိုယ်မနေရဲဘူးပေါ့နော်။ တခြားမြို့မှာ သွားပုန်းနေတဲ့သူလည်းရှိတယ်။ တောတောင်တွေထဲ ပုန်းနေရတဲ့သူတွေလည်း ရှိတယ်။ နောက်ပြီး ကျနော်တို့ကို သူပုန်နဲ့ ဆက်သွယ် တယ်ဆိုပြီး ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ တပ်ထဲမှာ လနဲ့ချီပြီး ချုပ်ထားတယ်။ ကျနော် တောင် လွတ်မြောက်လာတာ မကြာသေးဘူးလို့ သူတို့လာပြောပြတာပေါ့နော်။”

ထို့အပြင် ယခုခရီးစဉ်မတိုင်မီ အစိုးရတပ်က ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရမှု လေးမှုအား ဒေသခံများက လာရောက် တိုင် ကြားခဲ့သည်ဟုလည်း ဆိုသည်။

SWAN အဖွဲ့သည် ရှမ်းအမျိုးသမီးများအား ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည့် မုဒိန်း ကျင့်ခွင့် လိုင်စင် (License to rape) အစီရင်ခံစာ ကို ၂၀၀၂ ခုနှစ်က ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့် ဒေသများအတွင်း ဆန်စပါး ရိတ်သိမ်းချိန် ဖြစ်သော်လည်း တောင်ယာ နှင့် လယ်တောများသို့မသွားရဲသလိုဆောင်း တွင်း ကာလ တောတောင်ထဲ ထွက်ပြေး နေသူများ၏ ကျန်းမာရေးနှင့် နေထိုင် စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း သိရ သည် ဟု ယိင်းဟန်ဖက ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်မှ တရုတ်ပြည်သို့ သွယ်တန်းဖောက်လုပ်နေသည့် ဂက်စ် ပိုက်လိုင်း စီမံကိန်း လမ်းကြောင်းက သီပေါမြို့နယ် ဘော် ကြို ဒေသတ၀ှိုက်ရှိ ဆားဓါတ်ပါဝင်သည့် နယ်မြေအား ဖြတ်သန်းသွားမည့်အပေါ် ဒေသခံများက စိုးရိမ်နေကြောင်း အခုလို ဆက် ပြော သည်။

“ဓါတ်မီးတိုင်တောင်မှ စိုက်ထားရင် တနှစ်တောင် မခံဘူးတဲ့။ ငါးလ ခြောက်လလောက် ဆိုရင် ဆား တွေစားပြီး အဲဒီဓါတ်တိုင်တွေက လှဲကျ ကုန်တယ်ပေါ့။ ပိုက်လိုင်းတွေက အခု စမြုတ်နေပြီတဲ့။ မမြုတ်ခင်တောင်မှ အန္တရာယ် ကြီးနေပြီ ပေါ့ နော်။ မြုတ်ပြီးတော့မှတကယ်လို့ဂက်စ် တွေ၊ ရေနံတွေ လွတ်မယ်ဆိုရင် ပေါက်ကွဲသွားတဲ့အခါ လူထုတွေရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမလဲလို့ပြောတယ်။”

ယခု ခရီးစဉ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ SNDP အပါအ၀င် လူ ထု အခြေပြု လူမှုအဖွဲ့အစည်းများ၊ အစိုးရနှင့်အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည့် လက်နက်ကိုင် အဖွဲ့များမှ ပုဂ္ဂိုလ်များ၊ ရှမ်းစာ ပေနှင့် ယဉ် ကျေးမှုအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ ပါဝင်သည်။

ယင်းအဖွဲ့သည် တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကျေးသီး၊ သိန္ဒီ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နှင့် ကျိုင်းတုံမြို့များရှိ ဒေ သခံ လူထုများနှင့် တွေ့ဆုံခဲ့သည်။

လူထု နစ်နာချက်များနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးမှ မှတ်တမ်းတင်ထားခဲ့ပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လွှတ်တော် မှ တဆင့် တင်ပြသွားရန် စီမံကိန်းချ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တချိန်တည်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း လူထုကိုယ်စားလှယ်များ လွတ်လပ်စွာ ပါဝင်ခွင့်ရနိုင်ရေး တောင်းဆိုခဲ့ကြသလို နိုဝင် ဘာ လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေး ပွဲမှ တောင်းဆိုချက်အား ချပြခဲ့ရာ လူထုတရပ်လုံးကလည်း ထောက်ခံခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ညီလာခံတွင် “ဖက်ဒရယ်ပြည်ထောင်စုကသာ တန်းတူညီမျှရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်” ဟူသည့် တောင်းဆိုချက်အား တင်ပြခဲ့ရာ အစည်းအဝေး တက်ရောက်သူ အားလုံးကလည်း ထောက်ခံခဲ့သည်။

No comments: