Saturday, December 15, 2012

ငွေလဲကောင်တာများ လွတ်လပ်စွာ ဖွင့်ခွင့်ပြုမည်

ဒင်းနစ်အောင်အောင်

ဘဏ်မဟုတ်သည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအား နိုင်ငံခြားငွေများ ရောင်းဝယ် လဲလှယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုပြီဟု မြန်မာ နိုင် ငံတော် ဗဟိုဘဏ်က ယခုလ ၃ ရက်နေ့တွင် ကြေညာခဲ့ရာ စိတ်ဝင်စားသည့် စီးပွားရေးလုပ်ငန်းရှင်များ အလွန်များပြားပြီး နိုင်ငံခြား သား ခရီးသွားများအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဗဟိုဘဏ်က ၂၀၁၁ ခုနှစ် အောက်တိုဘာ လဆန်းမှ စ၍ ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြား ငွေလဲကောင်တာများ လုပ်ကိုင်ခွင့် ပြုခဲ့ပြီး နောက် ပိုင်း ယခုအချိန်တွင် ဘဏ်မဟုတ်သည့် အဖွဲ့အစည်းများအား နိုင်ငံခြားငွေများ ရောင်းဝယ် လဲလှယ်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

“ခုရက်ပိုင်း ဒီငွေလဲ လုပ်ငန်းလုပ်ဖို့ လာလျှောက်တဲ့လူတွေ တော်တော်များတယ်။ ဒါပေမဲ့ ဘယ်လူ တွေ၊ ဘယ်ကုမ္ပဏီတွေ လုပ်ခွင့်ရမယ် ဆို တာတော့ မသိသေးပါဘူး။ ဒီမှာက တလတခါ လပတ်အစည်းအဝေးရှိတော့ အဲဒီ အစည်းအဝေးကျမှ ဆုံးဖြတ်ချက် ချသွားမှာပါ ” ဟု မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ဒီလိုလုပ်ပေးသင့်တာ ကြာပါပြီ။ နိုင်ငံခြား ခရီးသည်တွေက နေရာအနှံ့ သွားလာနေတာ။ ဘဏ်တွေ က နေရာတိုင်းမှာ လိုက်မဖွင့်နိုင်ဘူး။ တ ခြား ကုမ္ပဏီတွေက ဒီလိုလုပ် ခွင့်ရမယ်ဆိုတော့ ကြိုဆိုပါတယ်။ နိုင်ငံခြားသား ခရီးသည်တွေ အ တွက်တော့ အရမ်းအဆင်ပြေသွားမှာပေါ့” ဟု ကမ္ဘောဇဘဏ်မှ ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ဧရာဝတီသို့ ပြောသည်။

ဗဟိုဘဏ်အနေဖြင့် ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၈၃ နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၂ ပါ စီမံခန့်ခွဲ ပိုင်ခွင့်များကို ကျင့်သုံးလျက် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများအား နိုင်ငံခြားငွေများကို ပြည်တွင်းသုံး ကျပ်ငွေဖြင့် ၀ယ်ယူ ခြင်း နှင့် ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ရန် နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer Licence – M.C) များ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လတ်တလော အချိန်တွင် ပုဂ္ဂလိကဘဏ်များမှ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့် ညီမျှသော အက်ဖ်အီးစီ၊ ယူရိုနှင့် စင်္ကာပူ ဒေါ်လာများ ကို Money Exchange ကောင်တာများတွင် မည်သည့် စာရွက်စာတမ်း အထောက်အထားမျှ တင်ပြရန်မလိုဘဲ လွတ်လပ်စွာ ရောင်းဝယ် နိုင် ကြောင်း သိရှိရသည်။

“ခေတ်မမီတော့တဲ့ စနစ်တွေ ပယ်ဖျက်တာကောင်းပါတယ်။ ကမ္ဘောဒီးယားမှာဆိုရင် သူ့ငွေကြေးက တအားဖောင်းပွတော့ အများကြီးသယ်ဖို့ မလွယ်ဘူး။ အဲဒီတော့ နေရာတိုင်းမှာ နိုင်ငံခြားငွေ ဒေါ်လာတွေကို လက်ခံတယ်။ ခရီးသည်တွေ အတွက် ပိုအဆင်ပြေတာပေါ့။ နောက်ပိုင်း တော့ အဲဒီ အလေ့အကျင့်လေးတွေ လုပ်နိုင်ရင် ပိုကောင်းတယ်” ဟု ခရီးသွား လုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ငွေလဲလုပ်ငန်းများ အနေနှင့် ဘဏ်များ၏ တခြားဝန်ဆောင်မှု လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက အကျိုးအမြတ်ရမှု နည်းပါးသော် လည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ၊ နိုင်ငံခြားငွေနှင့် အလုပ်လုပ်ကိုင်ရသူများ အတွက်မူ ငွေလဲကောင်တာများ ရှိခြင်ဖြင့် လုပ် ငန်းများ ပိုမို အဆင်ပြေမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။

“ဒီမှာတော့ ပုံမှန် လဲတာ အတိအကျ မရှိဘူး။ ပျမ်းမျှ တနေ့ကို ဒေါ်လာ တသောင်းဝန်းကျင်တော့ အရောင်းအ၀ယ် လုပ်ဖြစ်တယ်” ဟု CB ဘဏ်မှ ဖွင့်ထားသော Junction Square စင်တာရှိ ငွေလဲကောင်တာ မှ တာဝန်ရှိ သူတဦးက ပြောသည်။

“လက်ရှိ ငွေလဲတဲ့ နေရာတွေမှာဆိုရင် ရောင်းတာရော၊ ၀ယ်တာရောကို လိုလိုချင်ချင် လက်ခံ ဆောင်ရွက်ပေးတဲ့ ကောင်တာက တော်တော် ရှားနေသေးတယ်။ အရင်တုန်းကဆိုရင် အစွန်းအထင်းအရာ၊ ခေါက်ရာလေး ပါတာကအစ လက်မခံတာတွေကျတော့ ခရီးသည်တွေကိုယ် တိုင်က အံ့သြတယ်။ ပြီးတော့ ဒီလို ကုမ္ပဏီတွေက လုပ်ခွင့်ရသွားရင် ကောင်တာတခုနဲ့တခု ငွေလဲလှယ်တဲ့ ဈေနှုန်းတွေတော့သိပ်မကွာဟ သင့်ဘူးလို့ ထင်တယ်” ဟု အင်္ဂလိပ် နှင့် ဂျာမန် ဧည့်လမ်းညွှန် ကိုသန်း ထွန်းဦးက ဧရာဝတီသို့ ပြောသည်။

ငွေလဲကောင်တာလုပ်ငန်း လျှောက်ထားရာတွင် ကနဦး မ တည်ရင်းနှီးငွေ အနည်းဆုံး ကျပ် သန်း ၃၀ ထည့်ဝင်လုပ်ကိုင်ရမည်ဖြစ်ပြီး အဆိုပါ မတည်ငွေရင်းအား နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer Licence – A.D) ရ ဘဏ်တခုခုတွင် စာရင်းဖွင့်လှစ် ထည့်သွင်းရမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားချက်အရ သိရသည်။

No comments: