Monday, December 10, 2012

နယူးယောက်မြို့ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ် နှင်းမူ အပေါ် ဆန့်ကျင် ကန့်ကွက် ဆန္ဒပြ

နိရဉ္စရာ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် မြန်မာ့ ဒီမိုရေစီအင်အားစုများမှ ဒီဇင်္ဘာလ ၈ ရက်နေ့ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ကန့်ကွက် ဆန္ဒပြရသည့် အကြောင်းအရင်းမှာ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး အ တွက် ငြိမ်းချမ်းစွာ သပိတ်စခန်းဖွင့် တောင်းဆိုနေသာ ရဟန်းသံဃာများနှင့် ကျောင်းသား ပြည်သူများကို အစိုးရမှ မီးလောင်ဗုံးများ သုံး ကာ အကြမ်းဖက် နှိမ်နှင်းမူ အပေါ် မကျေနပ်၍ ကန့်ကွက် ဆန္ဒပြခြင်း ဖြစ်သည်ဟု သံဃာ့တပ်ပေါင်းစု ပြည်ပ တာဝန်ခံ ဦးပညာ ဇောက ပြော သည်။

“အခုလို သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ် ဖြိုးခွင်းတဲ့ အထဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် တွေကို အရေးယူ ဆောင်ရွက် ပေးဖို့ ဦးဇင်း တောင်းဆိုလိုတဲ့ အတွက် ဒီဆန္ဒပြပွဲကို ပြုလုပ်ရတာ ဖြစ်တယ်။ ဒါ့အပြင် ဖြိုခွင်း တဲ့ နေရာမှာ ဓါတု လက်နက်တွေ သုံး⁄ မသုံး ဆိုတာကို နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး အဖွဲ့အစည်းတွေကို လာရောက် စစ်ဆေးခွင့်ပြုဖို့ ဒီနေရာကနေ ဦးဇင်းတို့ တောင်းဆိုပါ တယ်“ ဟု ပြောသည်။

ကြေးနီးတောင် စီမံကိန်း ရပ်တန့်ရေး အတွက် ပြည်သူများ တောင်းဆိုနေမူ အပေါ် ရဟန်းတော်များကလည်း ထောက်ခံသည့် အနေ ဖြင့် သပိတ်စခန်းဖွင်ပြီး ငြိမ်းချမ်းစွာ တောင်းဆိုနေမူကို နိုဝင်္ဘာ ၂၉ ရက် နံနက် အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက လက်နက်ဆန်း တမျိုးကို အသုံးပြုကာ အကြမ်းဖက် နှိမ်နင်း ဖြိုခွဲ ခဲ့သဖြင့် ရဟန်း သံဃာ ၈၀ ကျော် အပါအ၀င် လူပေါင်း ၁၀၀ နီးပါးခန့် မီးလောင် ဒဏ်ရာများ ရရှိ ခဲ့သည်။

ဆန္ဒပြပွဲကို ဦးဆောင်ရာတွင် ပါဝင်သူ တဦးဖြစ်သည့် ၈၈ ကျောင်းသား ခေါင်းဆောင် ကိုနေတင်မြင့်ကလည်း အစိုးရကို အချက် ၄ ချက် တောင်း ဆိုကြောင်း ပြောကြားသည်။

“ တောင်းဆိုတဲ့ အချက်တွေကတော့ နံပတ် (၁) အကြမ်းဖက် ဖြိုခွင်းမှုကို လုံးဝ လက်မခံပါဘူး၊ ဒါ ကြောင့် နောက်နောင်ကို ဥပဒေမဲ့ လုပ်ရပ် တွေ မလုပ်ဖို့ တောင်းဆို တိုက်တွန်းတယ်။ နံပတ် (၂) ကတော့ ကော်မရှင် စစ်ဆေးနေစဉ် ကာလမှာ လက်ပံတောင်းတောင် စီမံကိန်းကိုရပ် ဆိုင်းထားရမယ်။ (၃) ကတော့ ကော်မရှင်က ထွက်ပေါ်လာမယ့် ရလဒ်တွေကို အစိုးရ အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ပေး ရမယ်။ ဒါအပြင် ပြည်သူ့ဆန္ဒ မကိုက်ညီဘူး ဆိုရင်၊ ပြည်သူက လက်မခံဘူးဆိုရင် လက်ပံတောင်းတောင် စီမံကိန်းကို ဖျက်သိမ်းပေး ရမယ်။ နံပတ် (၄) က မီးလောင် အကြမ်းဖက် ခံရတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် တွေကို အစိုးရအနေနဲ့ တာဝန်ယူဆေးကုသမှု ပေးပြီးဝန် ချ တောင်းပန်ရမယ်” ဟု ပြောသည်။

၎င်းပြင် ဆန္ဒပြပွဲတွင် ပါဝင်သူ ရခိုင်ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးခိုင်အောင်ကျော်မှလည်း အကြမ်းဖက် ဖြိုခွင်းသည့် လုပ်ရပ်မှာ ဒီမိုက ရေ စီ နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ပြောကြားသည်။

“ မြန်မာနိုင်ငံကို ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲနေပါတယ်ဆိုတဲ့ အစိုးရရဲ့ လက်တွေ့ လုပ်ရပ်နဲ့ အပြောက ဗြောင်းပြန် ဖြစ်နေတယ်။ ငြိမ်း ချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ရန်သူသဖွယ် အကြမ်းဖက် ဖြိုခွင်း လိုက်တာဟာ ဒီမိုကရေစီ စနစ်ရဲ့ လုပ်ရိုး လုပ်စဉ် မဟုတ်ဘူး။ ဒါကြောင့် အခုလိုလာရောက်ပြီး ကန့်ကွက် ရှုတ်ချရတာ ဖြစ်ပါတယ်“ ဟု ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီး စီမံကိန်းကို စစ်တပ် ဦးပိုင်ကုမ္ပဏီ လီမီတက်နှင့် တရုပ် စက်လက်နက် ထုတ်လုပ်သည့် ၀မ်ပေါင် ကုမ္ပဏီ တို့ အကြား ဖက်စပ် လုပ်ကိုင်နေသည်။

ကြေးနီးတောင် စီမံကိန်းမှ ရရှိမည့် အကျိုးအမြတ်များကို မြန်မာနိုင်ငံ အစိုးရဘက်မှ ၁၆ ဒဿမ ၈ ရာခိုင်နှုန်း၊ ဦးပိုင် ကုမ္မဏီက ၁၃ ဒ ဿမ ၈ ရာခိုင်နှုန်းနှင့် ၀မ်ပေါင် ကုမ္မဏီက ၁၃ ဒဿမ ၃ ရာခိုင်နှုန်း ခွဲဝေရရှိမည် ဖြစ်ကြောင်း ဒီဇင်္ဘာလ ၇ ရက်နေ့က တရုတ်သံရုံး တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲတွင် တရုတ် သံအမတ်ကြီး လီကျွန်ဟက ပြောသည်။

ကြေးနီးတောင် စီမံကိန်းကြောင့် သိမ်းဆည်းထားသော လယ်မြေဧကမှာ ၆၀၀၀ ကျော်ရှိပြီး တစ်ဧကို ကျပ် (၅) သိန်းနုန်းဖြင့် စုစုပေါင်း လျော် ကြေးငွေ အမေရိကန် ဒေါ်လာ ငါးသန်းကျော် ပေးခဲ့ပြီ ဖြစ်သည်ဟု တရုတ် သံအမတ်က ပြောသည်။

နယူးယောက်မြို့ ကောင်စစ်ဝန်ရုံး ဆန္ဒပြပွဲသို့ မြန်မာ အရေး လူပ်ရှားသူ လူအင်အား ၁၀၀ နီးပါးခန့်တက်ရောက်ခဲ့ပြီး နေ့လည် ၂ နာရီ တွင် အဆုံးသတ်ခဲ့ကြသည်။

No comments: