Tuesday, December 18, 2012

နမ်ခမ်းမြို့တွင် သျှမ်းနှစ်ကူးပွဲတော် ရုတ်တရက်ရပ်နား

နန်းခမ်းဟန် ၊ သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော် နောက်ဆုံးည သန်းခေါင် မတိုင်မီ မထင်မှတ်ဘဲပွဲတော်ရုတ် တ ရက် ရပ်နားခဲ့ကြောင်း ပရိသတ်တဦးကပြောသည်။

“ရုတ်ရုတ်သဲသဲတော့မရှိပါဘူး။ ဘာမှမကြေငြာဘဲနဲ့တီးဝိုင်းသမားတွေ စင်ပေါ်ကနေဆင်းသွား တယ်။ ပြန်မတက်လာဘူး။ အစီအစဉ်မှူးလဲ ဘာ မှမကြေငြာဘဲ သီချင်းတွေဘဲဖွင့်ထားပေးတယ်။ ဒီတိုင်းဘဲပွဲက ပြီးသွားတာပေါ့” - ဟု ပွဲဝင်ပရိသတ်တဦးကပြောသည်။

အစဉ်အလာအရ ပွဲမှာ မနက် ၂ နာရီ ၃ နာရီမှပြီးဆုံးလေ့ရှိသည်ဖြစ်သော်လည်း ပွဲတော်နောက်ဆုံးည ဖြစ်သော သောကြာ ညက သန်း ခေါင် မတိုင်မီပွဲတော်ပြီးဆုံးခဲ့ကြောင်း အကြောင်းရင်းကိုလည်း မသိရကြောင်း အဆိုပါမြို့ခံကပြောပါသည်။

အစောပိုင်းကမူ မြန်မာစစ်ဖက် ထောက်လှမ်းရေး၊ SB နှင့် ရပ်ရွာအတွင်းထောက်လှမ်းရေး အမာခံလူတို့က ပွဲကော်မတီထံ လာရောက် စုံမေး မြန်းခဲ့ကြောင်း ပွဲတော်လုံခြုံရေး တာဝန်ကျ တဦးကလည်း သျှမ်းသံတော် ဆင့် အားပြောပြသည်။

“မျက်နှာစိမ်းတွေ ရှိလား။ SSA က ဘယ်နှစ်ယောက် ပွဲလာလဲ စသဖြင့်ပေါ့ အလှူခံဌာနမှာလဲမေး တယ်။ လုံခြုံရေးမှာလည်း မေးတယ်။ ဘာ ကြောင့်ပွဲစောစောပြီး သလဲဘယ်သူမှမသိ ရပေမယ့် အဲလိုလာ မေးတာက ထူးခြားချက်ထဲက တခုပေါ့နော်။ နောက်တခုက တီးဝိုင်းအဖွဲ့ နဲ့ ပွဲကော်မတီ ပြဿနာတက်တာ လားပေါ့။ မနှစ်ကတော့ ဗမာစစ်သား အယောက် ၅၀ က သျှမ်းဝတ်စုံမှာယူပြီး သျှမ်းနှစ်သစ်ကူးပွဲတော်ကို နှောက် ယှက်မယ်ဆိုတဲ့ ကောလဟာလ သတင်းကြောင့် ပွဲတော် မကျင်းပဖြစ်ခဲ့ဘူး။” - ဟုမြို့ခံတစ်ဦးက ပြောပြသည်။

အမည်မဖေါ်လိုသူ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တဦးကတော့ - ဘာမှပြသနာမရှိပါဘူး၊ သီချင်းဆိုတဲ့သူ မရှိတော့လို့ပါ - ဟုသာပြော ပါသည်။

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နောင့်စန့်ကုန်းအနီး (ပန်လိမ်ပျံ ခေါ် အင်္ဂလိပ်ခေတ် ကလေယဉ်ကွင်း)တွင် ဒီ ဇင်ဘာ ၁၃ ရက် နှင့် ၁၄ ရက် နှစ်ရက်တိုင်တိုင်ကျင်းပခဲ့သည်။

ဒီနှစ်သျှမ်းနှစ်သစ်ကူးပွဲတော်တွင် သံဃာတော်များ၊ တအာင်း ၊ ကချင်၊ လီရှော၊ ကရင် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊ RCSS/SSA သျှမ်းပြည်တပ်မတော် လက်အောက်ခံ ရဝ၁ တပ်ရင်းမှ ခေါင်းဆောင် ပိုင်းများ၊မြို့ခံပြည်သူ လူထုများ အယောက် နှစ် ထောင် နီးပါးတက်ရောက်ကြောင်းတွေ့ရသည်။

“နေ့လည်ပိုင်းလည်း သိပ်မစည်ပါဘူး၊ အားကစားပြိုင်ပွဲအတွက် ဆုတွေပေးတယ်၊ မူကြိုကလေးအ က ၊ ၁၀ ကျော်သက် ကလေးအက၊ သျှမ်း ရိုးရာ သစ်သီးထွင်းပြပွဲတွေလုပ်တယ်။ ညပိုင်းမှ နှစ်ကူးစောင့်ကြိုတဲ့ သူတွေ ကွင်းအပြည့်ပဲ၊ ဒါပေမဲ့ နာမည် ကြီးသျှမ်းအဆိုတော်တွေသိပ်မ တွေ့ရဘူးဒီနှစ်။ အဆိုတော်သစ်နဲ့ဝါသနာရှင် အဆင့် အဆိုရှင်တွေဘဲရှိတယ်” - ဟု နမ့်ခမ်းလူငယ်စိုင်းခမ်းကပြောသည်။

ဒီဇင်ဘာ ၁၄ ရက်မနက်ပိုင်းတွင် နမ့်ခမ်းသျှမ်းစာ/ယဉ်မှု ဥက္ကဌ စိုင်းကျော်ဝင်း၊ ပြည့်သူ့လွတ်တော်ကိုယ် စားလှယ်ဒေါက်တာ စိုင်းကျော် အုန်း၊ နမ့်ခမ်းအုပ်ချုပ်ရေးမှူးသစ် နှင့် သျှမ်းစာပေအတွင်းရေး မှူးစိုင်းမြင့်သန်း တို့က မိန့်ခွန်းအသီးသီးပြောကြားခဲ့ ကြောင်း၊ ဆယ်တန်း အောင်သည့် ကျောင်းသားများကိုလည်းဂုဏ်ပြု လက်မှတ်များချီးမြှင့်ကြကြောင်း၊ သျှမ်းပွဲတော် တက်ရောက် လာသော ဧည့်ပရိတ်သတ် များကိုလည်း မနက် စာကျွေမွေးပေးခဲ့ကြောင်း ၄င်းကဆိုသည်။

No comments: