Saturday, December 1, 2012

သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို မန္တလေး သံဃာတော်များ ကန့်ကွက်သပိတ် မှောက်

မင်းလွင်

လက်ပန်းတောင်းတောင် သပိတ်စခန်းကို အင်အားသုံး အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ အပေါ် မန္တလေးမြို့ သံဃာတော်တွေက အိမ်တော်ရာ ဘု ရားဝင်းအတွင်းမှာ ဒီ နေ့ကစပြီး ထိုင်သပိတ် ကန့်ကွက်ရှုတ်ချနေပါတယ်။

မန္တလေးမြို့က သံဃာတော် အပါး ၁၀၀ နဲ့ လူပရိသတ် ၁၀၀ နီးပါးလောက်က အိမ်တော်ရာဝန်းထဲမှာ ဒီနေ့မွန်းလွဲပိုင်းကစပြီး ထိုင်သပိတ် လုပ်ပြီး ကန့်ကွက်ရှုတ်ချနေတာပါ။

သပိတ်မှောက်ရာမှာ ဦးဆောင်သံဃာ တပါးဖြစ်တဲ့ ဂဠုန်နီ ဆရာတော် ဦးကောဝိရက “လက်ပန်း တောင်းတောင်မှာ ဘုန်းကြီးတွေကို အကြမ်းဖက် နှိမ်နင်း သတ်ဖြတ် ညှဉ်းဆဲလို့ ရှုတ်ချတဲ့အနေနဲ့ ထိုင်သပိတ်လုပ်နေတာ။ ၂၉ ရက်နေ့ ညက လုံထိန်းရဲတွေက မီးလောင်ဗုံး တွေနဲ့ ပစ်ခွဲပြီးတော့ သတ်ဖြတ်ညှဉ်းဆဲ လို့ သာသနာတော်အတွက် ရင်နင့်ဖွယ်ဖြစ်နေလို့ နောင်အ နာဂတ်အတွက် တိုင်းပြည်အတွက် ရင် မအေးစရာဖြစ်နေလို့ နောင် ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်ပါဆိုပြီး ထိုင်သပိတ်နဲ့ ရှုတ်ချနေတာ” လို့ မိန့် ပါတယ်။

လက်ပန်းတောင်းတောင်ဒေသမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဟန်းသံဃာတွေအတွက် အိမ်တော်ရာဘုရားဝင်အတွင်းမှာ ၅ ရက်ဆက်တိုက် ထိုင် သပိတ် ပြုလုပ်သွားဖို့ အစီအစဉ်ရှိပြီး တောင်းဆိုချက်တွေကို ၅ ရက်အတွင်း အကြောင်းပြန်ပေးဖို့ သံဃာတွေက တောင်းဆိုထားပါ တယ်။

အစိုးရက မလိုက်လျောရင်တော့ တနိုင်ငံလုံးက သံဃာတော်တွေနဲ့ ပြည်သူတွေကနေ လုပ်သင့်လုပ်ထိုက်တဲ့ ဓမ္မနည်းကျကျ လုပ်ဆောင် ဖို့ရှိနေတယ်လို့လည်း ဦးကောဝိရက မိန့်ကြားသွားပါတယ်။

“အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ နိုင်ငံတော်အစိုးရက သံဃာတော်များအား တရားဝင် ၀န်ချ တောင်း ပန်ပေးဖို့ တောင်းဆိုတယ်။ နောက် လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး အကြမ်းဖက်ဖြိုခွင်းမှုနဲ့ သံဃာတော်များနဲ့ ပြည်သူများအား ကျေနပ်လက်ခံနိုင်လောက်တဲ့အ ထိ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တာဝန်ယူဖြေရှင်းပေးပါလို့ တောင်းဆိုတယ်။ အကြမ်းဖက် ဖြိုခွဲမှုမှာ ဒဏ်ရာရရှိတဲ့ သံဃာတော်များနဲ့ ပြည်သူများ ဆေးကုသမှုနဲ့ စောင့်ရှောက်မှု အကုန်လုံး တစုံတရာနစ်နာမှုမရှိအောင် ဖြေရှင်း ပေး၊ ဆောင်ရွက်ပေးရမယ်လို့ ၅ ရက်အတွင်း ဒါ တွေ တောင်း ဆိုထားတယ်။”

နိုဝင်ဘာ ၂၉ ရက်နေ့က မုံရွာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ကန့်ကွက်ဆန္ဒပြတဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းကို ရဲ တပ်ဖွဲ့ကနေ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတွေ အင်းအားသုံး သုံးဖြိုခွင်းခဲ့တဲ့အတွက် ရဟန်ရှင်လူ ၇၀ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သံဃာတော် ၂၉ ပါး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရပါတယ်။

No comments: