Tuesday, December 18, 2012

မုံးဝီးလူငယ်ပြုပြင်ရေးအဖွဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်မြင့်ဆောင်ရွက်

သျှမ်းသံတော်ဆင့်

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာ ဒေသ ခံများကိုယ်တိုင်ပါဝင်ဖွဲ့စည်းထားသော လူငယ်ပြုပြင်ရေးအဖွဲ့က ရပ်ရွာအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ဒီဇင် ဘာ လ ၁၅ ရက်နေ့မှစ၍ အရှိန်မြှင့်ဆောင် ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

ယခုလ ၁၂ ရက်နေ့က မုံးဝီးဒေသခံများကို အစည်းအဝေးခေါ်ယူ ပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆင့် ၃ ဆင့်ပါ အစီအစဉ်ဖြင့်တိုက်ဖျက်သွား မည် ဖြစ်ကြောင်း ကိုယ်တိုင်အစည်းအဝေးတက်ရောက်သူ မုံးဝီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းအဆင့် ၃ ဆင့်မှာ အသိပညာပေးခြင်း၊ ဆုပေး ဒဏ်ပေးစနစ်ကျင့်သုံးခြင်းနှင့် နောက်ဆုံးအနေဖြင့် ဖမ်းဆီးကာ ရဲလက်သို့ အပ်နှံခြင်း တို့ ဖြစ်ကြောင်း သိရသည်။

“၁၂ ရက်နေ့ နံနက် ၉ နာရီခွဲမှာ မုံးဝီးလူငယ်ပြုပြင်ရေးအဖွဲ့က ရွာလုံးကျွတ်အစည်းအဝေးခေါ် တယ်။ဒေသခံ ၃၅၀ ကျော်လောက်တက်တယ်။ ရဲတွေ ကျန်းမာရေး ဋ္ဌာနက တာဝန်ရှိသူတွေလည်းတက်တယ်။ ဒီအဖွဲ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ကနေစပြီး မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်တော့မဲ့ အကြောင်း လူထုကို အသိပေးပြော သွားတယ်” ဟု ၄င်းဒေသခံက ပြောသည်။

အဆိုပါ လူငယ်ပြုပြင်ရေးအဖွဲ့ကို နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်းက စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါ အဖွဲ့ဝင် ၆၀ ခန့် ရှိပြီး ဒေသခံ များ ၏ ထောက်ခံအားပေးမှုကို ရရှိနေကြောင်း သိရသည်။

No comments: