Wednesday, December 12, 2012

အကျဉ်းထောင်များသို့ ဝင်ရောက် စစ်ဆေးကူညီရန် ICRC ပြင်ဆင်

လင်းသန့်

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ (ICRC) သည် မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များအတွင်းသို့ ပြန်လည်ဝင်ရောက် စစ် ဆေး ကူညီမှုများ စတင်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ICRC ကို အကျဉ်းထောင်များသို့ ပြန်လည် ၀င်ရောက်ခွင့် ပြုခြင်းအား အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား၏ မြန်မာ နိုင်ငံခရီးစဉ်မတိုင်မီ နိုဝင်ဘာလအတွင်း သမ္မတ ဦးသိန်းစိန် အစိုးရက ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်များသို့ စစ်ဆေးကူညီမှု မလုပ်နိုင်ဘဲ ၇ နှစ်ကာလကြာပြီးနောက် ICRC အနေဖြင့် ပြန်လည်ဝင်ရောက် စစ်ဆေးရန် ပြင် ဆင်မှု များ လုပ်ဆောင်နေကြောင်း၊ မည်သည့်အကျဉ်းထောင်၊ ရဲဘက်စခန်းသို့ မည်သည့်နေရက်တွင် စတင်မည် ဆိုသည်ကိုမူ မသတ် မှတ်ရသေး ကြောင်း ICRC ၏ အရှေ့တောင်အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ မစ္စတာ Alain Aeschlimann က ပြောကြောင်းICRC ၏အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အကျဉ်းထောင်များအတွင်းသို့ ICRC ပြန်လည် ၀င်ရောက်ခွင့်ရခြင်းကြောင့်အ ကျဉ်း ထောင်များ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက်နှင့် နေထိုင်မှု၊ အကျဉ်းသား မိသားစုများ ထောင်ဝင်စာတွေ့ဆုံရမှု စသည့်ကိစ္စ များအပြင် အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား အရေအတွက် ဆိုင်ရာနှင့် ပတ်သက်၍ စာရင်းတခုအဖြစ် ပေါ်ထွက်လာနိုင် ကြောင်း၊ ယခင် က အခြေအနေနှင့် နိုင်းယှဉ်ပြီး ဧရာဝတီသို့ ပြောသည်။

“စာအုပ်စာတမ်း ကျနော်တို့ ဖတ်ရှု့ခွင့်ရခဲ့ကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အတွက်တော့ ဒါဟာ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ အခွင့်အ ရေးဘဲ။ နောက်တခါ တမံသလင်းပေါ်မှာ ၉ နှစ်လောက် အိပ်ခဲ့ရာကနေ သစ်သား ကွပ်ပျစ် ရလာ တာသည် ကျန်းမာရေးအတွက်တော်တော့် ကို အဆင်ပြေသွားတာပေါ့။ အဲဒီလိုမျိုး အခြေအနေ တိုးတက်လာတာတွေ ရှိပြီးကာမှ ICRC အကျဉ်းထောင်တွေထဲ ၀င်ခွင့်မရတော့ဘူး ဆို တဲ့အချိန်မှာ ကျနော်တို့အားလုံးက တော်တော်လေး စိတ်ပျက်တာပေါ့” ဟု ဦးကို ကိုကြီးက ဆိုသည်။

မိသားစုနှင့် အဆက်အသွယ် ပြတ်နေသူများအတွက် အဆက်အသွယ် ပြန်လည်ရရှိမှု၊ ကျန်းမာရေးဆေးဝါး ထောက်ပံ့မှု၊ အားကစား၊ စာ ပေ၊ လူမှု အကူအညီများ ICRC က လုပ်ဆောင်ပေးသဖြင့် အကျဉ်းသား မိသားစုများလည်း အထောက်အပံ့ ရရှိနိုင်ကြောင်း၊ အကောင်း ဆုံး သည် နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည် က ICRC အနေဖြင့် ၄င်းတို့၏ စည်းမျည်း စည်းကမ်းများအတိုင်း တိတိကျကျ လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း၊ သို့သော်လည်း အ ကျဉ်း ထောင်ပေါင်း ၄၂ ထောင်နှင့် ရဲဘက်စခန်း ၁၀၀ ကျော်တို့သို့ မည်ကဲ့သို့ ထိရောက်စွာ သွားရောက် ကူညီနိုင်မည်ဆိုသည်ကို စောင့် ကြည့်ရ မည်ဖြစ်ကြောင်း ပြောသည်။

“ICRC က သူတွေ့တဲ့ အကျဉ်းသားတွေကို မှတ်တမ်းတင်လေ့ရှိတယ်။ ဒါပေမယ့်ပြဿနာကသူကအ ပြင်ကိုထုတ်ပြောလေ့မရှိဘူး။ဒါကြောင့် ICRC ကနေပြီး နိုင်ငံရေးအကျဉ်းသား အရေအတွက်ကို သိရပါ့မလား ဆိုတာကလည်း နည်း နည်း မေးခွန်းတော့ ရှိမယ်” ဟု သူက ဆိုသည်။

နိုဝင်ဘာလက အစိုးရ၏ ကြေညာချက်အရ ပြန်လည် ဆန်းစစ်ခြင်း ဘုတ်အဖွဲ့တခု (Review Board) လုပ်ရန် စီစဉ်ထားခဲ့ကြောင်း၊ သို့ သော် မည်သည့်ပုံစံကိုမူ မသိရကြောင်း၊ ဖြစ်သင့်သည်က အဆိုပါ ဘုတ်အဖွဲ့တွင် ICRC အပြင် အစိုးရ ကိုယ်စားလှယ်၊ နိုင်ငံတကာမှ ကုလသမဂ္ဂမှ ကိုယ်စားလှယ်၊ နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် လုပ်နေသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ စသည်တို့ ပါဝင်သင့်ကြောင်း ဦးဘိုကြည်က ဆက်လက် အကြံပြုသည်။

“လာဘ်ပေးလာဘ်ယူမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေသေးတယ်။ ဒါတွေ အရင် ရပ်တန့်အောင် လုပ်ဖို့လိုပါတယ်။ အဲဒါတွေ မရပ်တန့်ဘူး ဆိုရင် အကျဉ်းထောင် အခြေအနေ တိုးတက်ဖို့ဆိုတာ တော်တော်ခက်ပါ တယ်၊ ICRC ကတော့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကြိုးပမ်းပြီး ကူညီလုပ်ဆောင်ပေးမယ်ဆိုတာ ကျနော်တို့ သံသယ ဖြစ်စရာမရှိဘူး။ ဒါပေမယ့် အစိုးရက ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် လုပ်ခွင့် ဆက်ပေးမလဲ ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့” ဟု ဦးဘိုကြည် က ဆိုသည်။

ယခင်ကလည်း ICRC ကို အစိုးရက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးခဲ့သော်လည်း ကန့်သတ် ပိတ်ပင်မှုများ လုပ်ခဲ့ခြင်း မျိုး ယခုတခါ မဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။

ယခုကဲ့သို့ ICRC သည် အကျဉ်းထောင်များသို့ ပြန်လည် ၀င်ရောက်စစ်ဆေးမှု လုပ်ဆောင်တော့မည်ကို နိုင်ငံရေး အကျဉ်းသားဟောင်း များ၊ လက်ရှိ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ကြိုဆိုကြကြောင်း သိရသည်။

ICRC သည် မြန်မာနိုင်ငံတွင် ၁၉၈၀ ခုနှစ်လွန် ကာလများကတည်းက မြေမြှုပ်မိုင်းကြောင့် ခြေလက် ဆုံးရှုံးခဲ့ရသူများနှင့် တခြားသော ကျန်း မာရေး၊ လူမှုရေးဆိုင်ရာ လိုအပ်သူများကို အကူအညီပေးခဲ့သည်။

ထို့ပြင် ၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ အကျဉ်းထောင်များသို့ ၀င်ရောက် စစ်ဆေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများနှင့် တခြား အကျဉ်း သား များအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး လိုအပ်သည့် ကျန်းမာရေး၊ ပညာရေး လူမှုရေး အကူအညီများကို ပေးခြင်းများ လုပ် ဆောင်ခဲ့ သည်။

ထိုကာလအတွင်း အကျဉ်းထောင်ပေါင်း ၄၀ ကျော်နှင့် ရဲဘက်စခန်းပေါင်း ၁၀၀ ကျော်ရှိ အကျဉ်းသားပေါင်း ၁ သိန်း ကျော်အား ICRC က တွေ့ ဆုံ ကူညီပေးမှုများ လုပ်ဆောင်ခဲ့သည်။

သို့သော် ၂၀၀၄ ခုနှစ်တွင် ၀န်ကြီးချုပ်ဟောင်း၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့်အပေါင်းအပါများအား ထို စဉ်က စစ်ခေါင်းဆောင်များက ဖမ်းဆီးအကျဉ်းချပြီးနောက် ၂၀၀၅ ခုနှစ်ကုန်ပိုင်းမှစ၍ အကျဉ်းထောင်များသို့ ၀င်ရောက်စစ်ဆေး အားပေး နှစ်သိမ့်မည်ဆိုပါက စစ်အစိုးရ ကျောထောက် နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်း အဖွဲ့ဝင်များနှင့်အတူ လက်တွဲ လုပ် ဆောင်ရမည်ဟူသည့် ကန့်သတ်မှုနောက်ပိုင်း ICRC ၏ လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

ICRC သည် အကျဉ်းသားများနှင့်တွေ့ဆုံမှုတွင် အဖွဲ့၏ ဘက်မလိုက် မူဝါဒနှင့်အညီ အကျဉ်းသားတဦးချင်းစီကို လွတ်လပ်စွာ တွေ့ဆုံနှစ် သိမ့် အားပေးသည့်အတွက် ၂၀၀၅ ခုနှစ် နောက်ပိုင်း အကျဉ်းထောင်များတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ ၇ နှစ်နီးပါးကြာမြင့်ခဲ့ရာ နိုင်ငံ တကာက အဆိုပါ ကိစ္စအား မြန်မာအစိုးရက ခွင့်ပြုရန် ဖိအားပေး တောင်းဆိုမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

ICRC သည် ကချင်၊ ကရင် စသည့် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားရာ ဒေသများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ၊ ကျန်းမာရေးနှင့် လူမှုရေး အကူအညီများကိုသာ ဆက်လက် လုပ်ကိုင်နိုင်ခဲ့သည်။

မကြာသေးမီက ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင်လည်း ICRC က လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေး ခဲ့ သည်။

No comments: