Wednesday, December 12, 2012

ဆယ်တန်းဖြေမည့် လူငယ်ကို KIA ဟု ဖြောင့်ချက်ယူ ဖမ်းဆီးထား

လဖိုင်

ယခုနှစ် ဆယ်တန်းစာမေးပွဲ ဖြေဆိုမည့် မောင်ဇော်ဆိုင်းအောင် ဆိုသည့် ကချင်လူငယ်အား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ တပ် ကြပ်ကြီးအဖြစ် ဖြောင့်ချက်ယူကာ ဖမ်းဆီး ချုပ်နှောင်ထားသည်ဟု ထိုလူငယ်၏ မိခင်ဖြစ်သူက ပြောသည်။

“ကျမသားက KIA စစ်သား မဟုတ်ပါဘူး အဆက်အသွယ်လည်း မရှိပါဘူး” ဟု မိခင်ဖြစ် သူ ဒေါ်ဂျန်ဖန်ထုက ပြောသည်။

အသက် ၁၈ နှစ်အရွယ်ရှိ မောင်ဇော်ဆိုင်းအောင်သည် မြစ်ကြီးနားမြို့ အထက (၁) တွင် ကျောင်းတက်နေသည့် ၁၀ တန်းကျောင်းသား တဦး ဖြစ်ပြီး စာသင်နှစ် အစပိုင်းတွင် အူအတက်ရောင်ဝေဒနာ ခံစားခဲ့ရကြောင်း၊ ခွဲစိတ်ခံထားရသော်လည်း ဝေဒနာ မသက်သာသဖြင့် စာမေးပွဲကို အပြင်ဖြေ ဖြေရန် ပြင်ဆင်နေသူ ဖြစ်ကြောင်း သိရသည်။

KIA မှ မြစ်ကြီးနားမြို့ပေါ်တွင် ဖွင့်လှစ်ထားသော “ရူမီနှင့်ညီအစ်ကို” စက်ပစ္စည်း အ ရောင်းဆိုင်သို့ ပေးပို့လိုက်သည့် စာကို KIA စစ်သား ကို ကိုက တရပ်ကွက်တည်းနေ လခေါင်အား ပေးလိုက်ပြီး လခေါင်မှ တဆင့် မောင် ဇော်ဆိုင်းအောင်ကို ဖွင့်မကြည့်ရန်ပြောပြီး သွားပေးရန်ပြော ခဲ့ခြင်းကြောင့် ၎င်းက သွားပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းအမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ကချင်ဥပဒေ အကျိုးဆောင်ကွန်ယက် Shingnip အဖွဲ့မှ ဦးမာခါးက ပြောသည်။

မောင်ဇော်ဆိုင်းအောင်သည် ဒီဇင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းက ရူမီနှင့်ညီအစ်ကိုများ စက်ပစ္စည်း အမျိုးမျိုး ရောင်းချသည့် ဆိုင်တွင် စာ သွား ပေးနေစဉ် ဆိုင်ထဲ၌ ရှိနေသူတဦးက “သူခိုး သူခိုး” ဟု အော်ဟစ်ရာမှ ဖမ်းဆီးခံခဲ့ ရခြင်း ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ဒုတိယ တရားသူကြီး ဦးဇော်လင်းထွဋ်ထံတွင် မောင်ဇော်ဆိုင်းအောင်က KIA တပ်ကြပ်အဖြစ်နှင့် ဖြောင့်ချက် ပေး ထား ကြောင်း၊ မောင်ဇော်ဆိုင်းအောင်သည် ၂၀၀၇ ခုနှစ်တွင် KIA ၏ တပ်သား စုဆောင်းခြင်းခံရပြီး ၂၀၀၈ ခုနှစ်တွင် တပ်ကြပ်ကြီးအ ဖြစ် ရာထူး တိုးခဲ့သည်ဟု ဖြောင့်ချက်အရသိရကြောင်း ဦးမာခါးက ပြောသည်။

“၂၀၀၇ မှာ သူ့အသက် ၁၄ နှစ်ပဲ ရှိသေးတယ်၊ ဘယ်လိုလုပ် တပ်ကြပ်ကြီးရာထူး တိုးနိုင်မှာလဲ” ဟု ဦးမာခါးက ဆိုသည်။

ဖြောင့်ချက်ပေးပြီးသော်လည်း အိမ်သားများနှင့် မတွေ့ခိုင်းဘဲ ပြည်နယ် အရံရဲတပ်ဖွဲ့ရုံး နေရာတွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ထိန်းသိမ်းထားပြီး ၁၁ ရက်နေ့ မနက်တွင်ပင် မြစ်ကြီးနားမြို့ရှိ ထောင်ကြီးချုပ်သို့ ပြောင်းရွှေ့ ပေးလိုက်ကြောင်း သိရသည်။

စာကို ယူဆောင်လာသည့် KIA စစ်သား ကိုကိုသည် မြစ်ကြီးနား မြေမြင့် ရပ်ကွက်မှ ဖြစ်ပြီး ၎င်း၏ အမြွှာညီဖြစ်သူ ညီညီ ကိုလည်း လက် ရှိ တွင် မောင်ဇော်ဆိုင်းအောင်နှင့် အတူ ဖမ်းဆီးထားကြောင်း ညီညီကလည်း KIA ဖြစ်သည်ဟု ၀န်ခံထားကြောင်း ဦးမာခါးက ပြောသည်။

“ညီညီက မန်စီမြို့နယ်က သစ်တော အရာရှိ၊ ကြယ်တပွင့်နဲ့ပါ။ အိမ်ပြန်လာတာ တပတ်ပဲ ရှိသေး တယ်” ဟု ဦးမာခါးက ဆိုသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်ကို ဖမ်းထားပါတယ်” ဟု မြစ်ကြီးနားမြို့နယ် အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ရဲအုပ် ရဲလွင်က ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

KIA ဖြစ်ကြောင်း ပါးရိုက်၍ ၀န်ခံခိုင်းမှု၊ ခြိမ်းခြောက်မှု၊ တရားရေး လုပ်ငန်းများ အဆီအငေါ် မတည့်ဖြစ်နေမှုများကို ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသား လူ့အခွင့် အ ရေးကော်မရှင်သို့ စာတင်သွားမည်ဟု မောင်ဇော်ဆိုင်းအောင်၏ မိခင်ဖြစ်သူက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဒူကထောင် စစ်ပြေးဒုက္ခသည်စခန်းမှ ဦးလထော် ဘရန်ရှောင်ကိုလည်း KIA နှင့် ပတ်သက်သည်ဟု စွပ် စွဲ ကာ ယခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးခဲ့သေးသည်။

No comments: