အေးအေးကျော် | အင်္ဂါနေ့၊ သြဂုတ်လ ၁၃ ရက် ၂၀၁၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျအိမ်ရာ စီမံကိန်းနေရာအတွင်း ကျူးကျော်နေထိုင်ကြသည့်နေအိမ်အချို့ကို နေရန်နေရာ၊ အိမ်ဆောက်ပစ္စည်းအချို့နှင့် ငွေကြေးပေးအပ်ခဲ့သော်လည်း ယင်းနေရာမှာ အိမ်ဆောက်မရသောကြောင့် ယင်းအိမ်ရာအနီးတွင်ပင် ပြန်လည်ကျူးကျော် နေထိုင်သူများကို ကုမ္ပဏီက တရားစွဲ ထားကြောင်း ယင်းအရေးကို ဆောင်ရွက်ပေးသူထံမှ သိရသည်။
အဆိုပါကျူးကျော်နေထိုင်သူ ၃၈ ဦးကို သြဂုတ်လအတွင်းတွင် Land mark construction ကုမ္ပဏီဘက်မှ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါကိစ္စများကို ဆောင်ရွက်ပေးနေသူ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုကြည်ရွှင်က သြဂုတ် ၁၁ ရက်တွင် ပြောသည်။
၎င်းက “ကျူးကျော်သူတွေကို ပေးတဲ့မြေနေရာက ရေမြုပ်တဲ့နေရာဖြစ်နေတယ်။ ကုမ္ပဏီဘက်က မြေနေရာ ရှေ့ကို တိုးပေးမယ်ဆိုတော့ သူတို့ဘက်က လက်သင့်မခံတော့ဘဲ ကျူးကျော်တွေဘက်က ကုမ္ပဏီဘက်ကပးတဲ့ငွေတစ်သိန်းကိုလည်း လက်ခံပြီး သုံးစွဲထားတယ်။ အခု သူတို့က အောင်ဇေယျမြို့တော် အိမ်ရာစီမံကိန်းမှာပြန်ပြီး ကျူးကျော် ၀င်ဆောက်ထားတော့ ကုမ္ပဏီဘက်က ပြန်ပြီးတရားစွဲထားပါတယ်” ဟုပြောသည်။
ယင်း အောင်ဇေယျအိမ်ရာ စီမံကိန်းဝန်းအတွင်းတွင် ကျူးကျော်နေထိုင်သည့် နေအိမ် ၄၆ လုံးရှိပြီး ယင်း တို့အနက်နေအိမ် ၃၈ လုံးအတွက် ထန်းတပင်မြို့နယ် အမှတ် (၃) ရပ်ကွက်တွင် ပေ ၂၀x၄၀ မြေကွက် တစ်ကွက်စီ၊ သွပ် ၁၂ ချပ်စီနှင့် ငွေကျပ် တစ်သိန်း ကရုဏာကြေး ပေးခဲ့ခြင်းဖြစ်ပြီး အိမ်ရာစီမံကိန်းနှင့် သက်ဆိုင်သည့် Land mark construction ကုမ္ပဏီမှ ဇူလိုင် ၂၄ ရက်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း နေရာမှာ ရေများနေ၍ အိမ်ဆောက်မရသောကြောင့် လယ်သမားများက မနေထိုင်ကြခြင်း ဖြစ်သည်။
Land mark construction မှ မန်နေဂျာဦးခင်မောင်ဝင်းက “ကျူးကျော်သူ ၃၈ ဦးကို တရားစွဲထားပါ တယ်” သြဂုတ် ၁၁ ရက်က မဇ္ဈိမသို့ ပြောသည်။
ယင်းနေရာတွင် ကျူးကျော်နေထိုင်သည့် နေအိမ်များမှာ ဆယ်နှစ်ခန့် ရှိပြီဖြစ်သည်ဟုလည်း သိရသည်။
No comments:
Post a Comment