Saturday, August 3, 2013

ရိဒ်ရေကန် ပတ်ဝန်းကျင်တွင် လူနေအိမ်မြေကွက်ချထားမည့်အစီအစဉ် ဒေသခံများ ကန့်ကွက်

ခိုနူမ်းထုန်

ချင်းပြည်နယ်ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲရှိ ချင်းပြည်အလှဆင် ရိဒ်ရေကန် ပတ်ဝန်းကျင်တွင် အာဏာပိုင်တွေက လူနေအိမ်များအတွက် မြေကွက်ချရန် စီစဉ်နေမှု အပေါ် ဒေသခံပြည်သူတွေက ကန့်ကွက်ကြသည်ဟု သိရသည်။

” ဒေသခံတွေရဲ့ သဘောထားဆန္ဒမပါပဲ အာဏာပိုင်တွေက လူနေအိမ်တွေ ဆောက်လုပ်ဖို့ အာဏာသုံးစီစဉ်နေတာကို ဒေသခံတွေက မလိုလားဆုံးဖြစ်နေတာပါ” ဟု ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ Pu Dawla က ပြောသည်။

ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲ အထွေထွေ အုပ်ချုပ်ရေးမှူး Pu Ca Awi သည် ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ဌာနဆိုင်ရာလူကြီးများ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်တွေကို ခေါ်ယူပြီး ရိဒ်ရေကန်မှ ကိုက် ၁၅၀ အကွာ ရိဒ် – ဖလမ်းကားလမ်းဘေးရှိ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး လူနေအိမ်အတွက် မြေကွက်ချရန် ပြည်နယ်ဝန်ကြီးချုပ်မှ တာဝန်ပေးထားသည်ဟု ပြောဆိုခဲ့သည်။

ဆက်လက်ပြီး အုပ်ချုပ်ရေးမှူးက ကားလမ်းနံဘေးရှိ မြေကွက် (၃၀) ကို ပြည်နယ်ဝန်ကြီးနှင့် မိသားစုများတွေက မြေဂရမ်ပြုလုပ်ဖို့တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အတွက် ရိဒ်ရေကန်ပတ်ပတ်လည်တွင် ကားလမ်းနှစ်သွယ် ဖောက်လုပ်ပြီး မြေကွက်ချထားပေးမည်ဖြစ်ကြောင်း မြေပုံနှင့် တကွ ရှင်းလင်းပြသ ခဲ့ကြောင်း ဆိုသည်။

” အခုလို သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီးလူနေအိမ်များ ဆောက်လုပ်ပါက ရေအိုင်၏ သဘာဝအလှများ ပျက်စီး မည့်အပြင် ရိဒ်ရေအိုင်လည်း ခန်းခြောက် တိမ်ကော သွားမှာပါပဲ၊ ဒေသခံလူထုအနေနဲ့ အရေးဆို ကန့်ကွက် သင့်တယ်” ဟု ဒေသခံတဦးက ပြောသည်။

အသဲနှလုံးပုံ သဘာဝ ရိဒ်ရေအိုင်သည် ချင်းလူမျိုးများက ချင်းလူမျိုး၊ ချင်းပြည်နယ်၏ အမျိုးသား၊ ပြည်နယ် အမှတ် သင်္ကေတ အဖြစ် အင်မတန်တန်ဖိုးထားသည့် ရေအိုင်ဖြစ်ပြီး ရေအိုင် မတိမ်ကောရေးအတွက် ချင်းလူမျိုးအားလုံးက အမျိုးသားတာဝန်တရပ်အဖြစ် ထားရှိ ကာကွယ်သင့်ကြောင်း ချင်းအမျိုးသားတပ်ဦးမှ လူကြီးတဦးကလည်း ပြောသည်။

ရိဒ်မြို့နယ်ခွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အဆိုပါ ကိစ္စ အကောင်အထည်မဖော်မှီ အရေးယူဆောင်ရွက်ရန် နှင့် လိုအပ်ပါက ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ဆန္ဒဖော်ထုတ် ကန့်ကွက်ရန် စီစဉ်နေသည်ဟု သိရသည်။

ဒဏ္ဍာရီ ပုံပြင် ရှိ ရိဒ်ရေအိုင်အကြောင်းကို တဖက် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် ပညာရေးဌာနက မူလတန်းဆင့် သမိုင်းဘာသာရပ်တွင် အောက်ပါအတိုင်း ပြဌာန်း သင်ကြားကြသည်။

“မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံးသော ရေအိုင်သည် ရိဒ်ရေအိုင်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် တည်ရှိသည်။ (Mizorama dil lianber chu Rihdil a nia, mahse Burma rama a awm)”

No comments: