Saturday, August 3, 2013

တောင်ပြို၍ မြ၀တီကားလမ်းအပိတ် ထိုင်းကုန်ပစ္စည်း ဈေးတက်

Dawei Watch

မိုးသည်းထန်စွာ ရွာသွန်း၍ ကရင်ပြည်နယ် ဒေါနတောင်တန်း မြေပြိုပြီး ရေကြီးသည့်အတွက် မြ၀တီ-မော်လမြိုင်သွားသည့် မော်တော်ယာဉ်လိုင်းများ ရပ်နားထားရပြီး ထိုင်းကုန်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်လာကြောင်းမော်လမြိုင်ဈေးမှ ဈေးသည်များထံမှ သိရသည်။

အဆိုပါ မြေပြိုမှုကြောင့် မော်လမြိုင်-မြ၀တီသို့ သွားသည့် မော်တော်ယာဉ်များ ဇူလိုင် ၂၈ ရက်မှစပြီး ရပ်နားထားရပြီး ယခုရက်ပိုင်းအတွင်း ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

“အကြမ်းဖျင်း ပစ္စည်းတစ်မယ်ကို တစ်ထောင်ဝန်းကျင်လောက် တက်တယ်။ ဈေးတက်တော့ အရောင်းအ၀ယ်လည်း ပါးတယ်။ ကားလမ်း ဆက်ပိတ်နေမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်နိုင်တယ်”ဟု မော်လမြိုင် အမှတ် ၁ ဈေးမှ ကုန်သည် ဦးရဲဝေလွင်က ပြောကြားသည်။

တက်သွားသည့် ဈေးနှုန်းများမှာ ခေါက်ဆွဲထုပ် တစ်ပါကင်ကို ကျပ် ၄၅၀၀ မှ ၄၈၀၀၊ Birdy ကော်ဖီမစ် တစ်ပါကင်ကို ကျပ် ၆၁၀၈၀ မှ ၆၂၁၆၀၊ ပုဇွန်တံဆိပ် စားဆီတစ်ပုံးလျှင် ကျပ် ၁၆၂၀၀ မှ ၁၇၂၀၀နှင့် အိုးတံဆိပ် အချိုမှုန့်တစ်ပါကင်ကို ကျပ် ၃၀၅၀၀ မှ ၃၁၅၀၀ စသည်ဖြင့် အသီးသီး ဈေးနှုန်းမြင့်တက်သွားခြင်း ဖြစ်သည်။

“နှစ်တိုင်းနီးပါး မိုးတွင်းဆိုရင် တောင်ပြိုတာတို့ ရေကြီးတာတို့ ဖြစ်တယ်။ ဒီလိုဖြစ်နေတော့ ဂိတ်နဲ့ လုပ်သားတွေလည်း ၀င်ငွေမရှိတော့ အဆင်မပြေဘူး။ သက်ဆိုင်ရာဌာနတွေကို မြေနိမ့်တဲ့နေရာ ဖို့တာတို့၊ တောင်ကမ်းပါးတွေကို ကမ်းပါးထိမ်းတာတို့ လုပ်စေချင်တယ်။ ဒါမှ အဆင်ပြေပြေ ကုန်စည် စီးဆင်းနိုင် မယ်”ဟု မော်လမြိုင်-မြ၀တီ ယာဉ်လိုင်း ပြေးဆွဲလျက်ရှိသည့် ဦးသန်းဝင်းက ပြောသည်။

ကရင်ပြည်နယ် ဒေါနတောင်တန်းပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောက်ကမ်းပါး၊ ဖြတ်လမ်းကြီး အပါအ၀င် နေရာ ၂၀ နီးပါး တောင်ပြို၍ ကားလမ်းများ ပိတ်ဆို့သွားကြောင်း၊ ယင်းနေရာများ ရှင်းလင်းပြီးပါကမြ၀တီ-မော်လမြိုင် ကားလမ်းပိုင်းရှိ ရေကြီးသောနေရာများမှ ရေကျသည်အထိ စောင့်ရမည် ဖြစ်သည့်အတွက် လမ်းပြန်ဖွင့်နိုင်ရန် ၁၅ ရက်ခန့်အထိ ကြာမည်ဟု ခန့်မှန်းရကြောင်း ၎င်းက ဆိုသည်။

ဒေါနတောင်တန်းပေါ်ရှိ မြေပြိုမှုများကို ဇူလိုင်လ ၃၁ ရက်မှစ၍ အေးကို ဆောက်လုပ်ရေးမှ ယန္တရားများ၊ ကရင်ပြည်နယ် ပ.ဆ.င မှ ယန္တရားများနှင့် ပြည်ထောင်စု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ယန္တရားများ အသုံးပြုပြီး ရှင်းလင်းလျက်ရှိကြောင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးခွန်ဖန်ထော့ကပြောကြားသည်။

“တောင်ပြိုတဲ့နေရာက၂၀ လောက်ရှိတယ်။ သစ်ပင်ကြီးတွေ မိုးကြီးလို့ ပြိုတာတွေလည်းရှိတယ်။သြဂုတ်လ ၂ ရက်လောက် ရှင်းလင်းလို့ ပြီးမယ်ထင်တယ်။ လမ်းတစ်လျှောက်မှာ ရေကြီးနေလို့ ယန္တရားတွေသယ်ရတာ အဆင်မပြေဘူး။ နောက်မို့ဆိုရင် အခုထက်ပိုပြီး စောစောရှင်းလင်းလို့ရတယ်”ဟု ဦးခွန်ဖန်ထော့က ပြောကြားသည်။

မော်လမြိုင်-မြ၀တီ ခရီးလမ်းတွင် ဒေါနတောင်လမ်းပိုင်းသည် အဓိက အတားအဆီးဖြစ်ပြီး မိုင်ပေါင်း ၂၂ မိုင်ကို တစ်လမ်းသွားစနစ်ဖြင့်သာ မောင်းနှင်ခွင့်ပြုထားသည်။

No comments: