Thursday, August 15, 2013

အမျိုးသား လွှတ်တော် ဒု-ဥက္ကဋ္ဌ မွန် ရေဘေး အတွက် သိန်း (၃၅၀) လှူ ၊ “ရှင်စောပု” အဖွဲ့ လည်းကူ

ရွှေဟင်္သာ

အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြငြိမ်း ဦးဆောင်၍ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေ အပါအဝင် ယမာန် နေ့၌ မွန်ပြည်နယ် ရေဘေး ဒုက္ခသည် များအတွက် အလှုငွေ သိန်း ၃၅၀ နှင့် အဝတ်အထည် ပစ္စည်း များနှင့် စပါး မျိုးစေ့များ ပေးအပ် လှူဒါန်း ခဲ့ကြောင်း အလှူငွေ ပေးအပ်ပွဲ အခမ်းအနား တက်ရောက် ခဲ့သည့် မွန်ပြည်နယ် ဝန်ကြီး တစ်ဦးမှ ပြောသည်။

“လှူဒါန်းငွေ စုစုပေါင်း သိန်း ၃၅၀ ပါ၊ အဲဒီ ထဲက ရေးမြို့နယ် အတွက် သိန်း (၅၀) ပေးတာပေါ့၊ အဲဒါကို ကျွှန်တော် တက်ရောက် ရယူ ခဲ့ပါတယ်၊ အခြား ပစ္စည်းတွေ အဝတ်အထည် တွေလဲ အစုံပါပဲ လာရောက် လှူဒါန်း ခဲ့တယ်၊” ဟု မွန်ပြည်နယ် လျှပ်စစ် ဝန်ကြီး နိုင်လဝီအောင်မှ ပြောသည်။

ဦးမြငြိမ်းသည် အမျိုးသား လွှတ်တော်မှ ဖွဲ့စည်း ပေးထားသည့် ရေဘေးသင့် ဒုက္ခသည် များအား ကူညီ ထောက်ပံရေး အဖွဲ့ ခေါင်းဆောင် ဖြစ်၍ ဦးခင်ရွှေမှာ ၄င်းလုပ်ငန်း ကော်မီတီ၏ အလုပ်အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

မွန်ပြည်နယ် ရေဘေး ဒုက္ခသည် အများအတွက် အကူအညီ ငွေသား ကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့ပြီး ၄င်းထဲမှ ကျပ်သိန်း ၅၀ အား ရေမြို့ ရေဘေး ဒုက္ခသည် များအတွက် ပေးအပ်မည် ဖြစ်သည်။ ထို့ပြင် ရေမြုပ် လယ်မြေများ ပြန်လည် စိုက်ပျိုး နိုင်ရေး အတွက် စပါးမျိုးစေ့ အိတ် ၁၀၀၀ ခန့် ကိုလည်း ပေးအပ် ခဲ့ပါသည်။

အလှူငွေနှင့် ပစ္စည်းများ အားလုံးကို ပြည်နယ် ဝန်ကြီးချုပ် ထံသို့ လွှဲပြောင်း ပေးခဲ့ကာ ထိုမှ တဆင့် သက်ဆိုင်ရာ ရေဘေးသင့် ဒုက္ခသည် များထံ ပြန်လည် ဖြန့်ဝေ ပေးသွားမည် ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ (၁၂) ရက်နေ့ ၌လည်း ရှင်စောပု (မွန်အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း) မှလည်း မွန်ပြည်နယ်နှင့် ကရင် ပြည်နယ် တွင်းရှိ ကော့ပလိုင်၊ ကော့သတ်၊ ခရား ကျေးရွာ များသို့ သွားရောက်ကာ ရေဘေး ဒုက္ခသည် များအတွက် အစားအသောက် အသုံးအဆောင် ပစ္စည်းများ သွားရောက်ကာ ပေးအပ် ခဲ့ပြီး ဖြစ်ကြောင်း သိရှိ ရသည်။

ယခုနှစ် အတွင်း ရေကြီး မှုဒဏ် အဆိုး ဝါးဆုံး ခံစား ရသည့် ပြည်နယ် များ၌ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့ ပါဝင် ပါသည်။

ရေကြီးမှုကြောင့် မွန်ပြည်နယ်၁၀ မြို့နယ် အတွင်း လယ်မြေဧက ငါးသောင်းကျော် ရေနစ်မြုပ် ခဲ့ရပြီး သထုံ မြို့နယ်သည် လယ်မြေ ရေနစ်မြုပ်မှု အများဆုံး ဖြစ်သည်။ ရေးနှင့် ဘီးလင်း မြို့နယ်လည်း ရေဘေး ဒုက္ခသည် များအတွက် ယာယီ ဒုက္ခသည် စခန်းများ အဖြစ် ဖွင့်လှစ် ပေးခဲ့ ရသည်။

အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြငြိမ်းနှင့် အဖွဲ့သည် ကရင်ပြည်နယ်ရှိ ရေဘေး ဒုက္ခသည် များအတွက်လည်း အလှူငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်း ခဲ့သေး ကြောင်းလည်း ဝန်ကြီးမှ ဆက်ပြောကာ အသေးစိတ် ပေးအပ်မှု အခြေအနေကို မိမိတို့ မသိရှိဟု ဆိုပါသည်။

ကရင်ပြည်နယ် အတွင်းတွင်လည်း ရေကြီးမှုကြောင့် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲနှင့် ကြာအင်း ဆိပ်ကြီး မြို့နယ် များရှိကျောင်းပေါင်း ၃၉၂ ကျောင်း ပိတ်ခဲ့ ရပြီးရေဘေး ဒုက္ခသည် ၄၀၀၀ ဝန်းကျင်ခန့်ရှိခဲ့ကြောင်း သြဂုတ် လဆန်းပိုင်း ခန့်တွင် အစိုးရမှ ထုတ်ပြန် ကြေငြာ ခဲ့သည်။

No comments: