Wednesday, August 21, 2013

တရုတ်ပို့ကုန်သွင်းကုန်ဘဏ်က တစ်နှစ်လေးကျပ်ခွဲနှုန်းဖြင့် အမေရိကန်ဒေါ်လာသန်းတစ်ရာ ထုတ်ချေးရန် သဘောတူ

ကေဇင်ဦး

တရုတ်ပို့ကုန်သွင်းကုန်ဘဏ် Exim Bank of China က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းတစ်ရာ ထုတ်ချေး သွားရန် သဘောတူညီမှုရရှိထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက သြဂုတ် ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

အဆိုပါ ချေးငွေများနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန် သမ္မတက လွှတ်တော်များ သို့ သ၀ဏ်လွှာပေးပို့ထားသည်ဟု ဦးရဲထွန်းက ဆိုသည်။

ချေးငွေများကို မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်က ငွေချေးသူအဖြစ် လည်းကောင်း၊ သမ၀ါယမ ၀န်ကြီးဌာနကချေးငွေသုံးစွဲသူအဖြစ်လည်းကောင်း ဆောင်ရွက်သွားမည်ဟု သမ္မတ၏ သ၀ဏ်လွှာတွင် ပါဝင်သည်။

သဘောတူညီချက်တွင် ချေးငွေကို ဆိုင်းငံ့ကာလ နှစ်နှစ်အပါအ၀င် ၁၀ နှစ်အတွင်းပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်ဟု ယင်းသ၀ဏ်လွှာအရ သိရသည်။

သမ၀ါယမအသင်းများမှ အသင်းသားများနှင့် အသင်းများအတွက် လိုအပ်သော မတည်ရင်းနှီးမှုများ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ထိုသို့ချေးယူခြင်းဖြစ်သည်ဟုလည်း သ၀ဏ်လွှာတွင် ပါဝင်သည်။

“အတိုးကတော့ သက်သာတာပေါ့။တစ်ခုရှိတာက ချေးငွေမရခင်မှာ စီမံခန့်ခွဲမှု စားရိတ်အဖြစ် တစ် ရာခိုင်နှုန်းကိုချေးမယ့်သူကနေ အဲဒီဘဏ်ကို တစ်ခါတည်း ပေးရမယ်၊ ချေးငွေ ထုတ်ချေးသူက မြန်မာနိုင်ငံခြား ကုန်သွယ်မှု ဘဏ်ကဆိုတော့ အဲဒီဌာနက ပေးရမှာပေါ့”ဟု ဦးရဲထွန်းက ပြောသည်။

ယင်းသို့ ချေးငွေထုတ်ချေးမှုများကို နိုင်ငံတော်အစိုးရ ကိုယ်စားဘဏ္ဍာရေးဝန်ကြီးဌာနက အာမခံပြီး အာမခံစာ ထုတ်ပေးရမည် ဖြစ်သည်။

တရုတ် ပို့ကုန်သွင်းကုန်ဘဏ်မှ ချေးငွေထုတ်ချေးမှုနှင့် ပတ်သက်၍ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ စီပွားရေးပညာရှင် ဦးကျော်စိန်က “ချေးငွေရတိုင်းလည်း မကောင်းပါဘူး ဒါကိုဘယ်လိုသုံးမလဲ သက်ဆိုင်ရာ ၀န်ကြီးဌာနက စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့လိုတယ်၊ ဟိုခေတ်က ပြည်တော်သာ စီမံကိန်းဆိုရင်လည်း ချေးငွေထုတ်ချေးခဲ့ပေမယ့် ပြာတော်သာ စီမံကိန်းဖြစ်သွားတယ်လို့တောင် ပြောစမှတ်ရှိခဲ့သေးတယ်။ နောက်တစ်ချက်က ချေးငွေနဲ့ ပတ်သက်ရင် အတိုးပဲ ရှိတာ မဟုတ်ဘူး။ ချေးငွေမရခင်မှာ စီမံခန့်ခွဲမှု စားရိတ်ဆိုတာလည်း ပေးရမှာမို့လို့ စဉ်းစားဖို့ လိုပါတယ်”ဟု ယင်းက သုံးသပ်သည်။

ယင်းချေးငွေများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်ရယူရန် နိုင်ငံတော်သမ္မတက သ၀ဏ်လွှာ ပေးပို့ထားပြီး မည်သည့်နေ့တွင် ဆွေးနွေးရန် ကြေညာထားခြင်း မရှိသေးပေ။

No comments: