Tuesday, August 13, 2013

ကုလားဂုတ်ဆိပ်ကမ်း အလုပ်အကိုင်အခွင့်အလမ်း ၁၂၀၀၀ ခန့် ဖန်တီးနိုင်မည်

ကွန်းချန်း

မွန်ပြည်နယ် ကုလားဂုတ်ရေနက်ဆိပ်ကမ်း စီမံကိန်းစတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံအခြေစိုက် Emerald Grand Hotel ကုမ္ပဏီလီမိတက်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုး လိုက်ပြီဖြစ်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်တော့မည်ဖြစ်သည်။

စာချွန်လွှာအရ ပထမအဆင့် စမ်းသပ်ကာလ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကုန်ကျမည့်လေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်သည်။

“လျှပ်စစ်မီးရဖို့ တစ်နှစ်အတွင်းပြီးအောင် အကောင်အထည်ဖော်ရမယ်။ အကောင်အထည်ဖော်နိုင်မယ်ဆိုရင်ရှေ့ဆက်လက်မှတ်ထိုးဖို့ရှိတယ်” ဟု ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဝင် ဦးသိန်းအောင်က ပြောသည်။

ယင်းဆိပ်ကမ်းပေါ်ပေါက်လာပါက အလုပ်အကိုင်အခွင့်အလမ်း ၁၂၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထား ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ဆိုသည်။

“ဒီနယ်ကလူငယ်တွေ ၆၀ ရာနှုန်းလောက် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ထိုင်းစကားလည်း တတ်ကြ တယ်။ ဒီစီမံကိန်းပေါ်လာရင်တော့ သူများနိုင်ငံမှာ ကျွန်လို အလုပ်မလုပ်ရတော့ဘူး။ အထူးသဖြင့် မိန်းကလေးတွေ အတွက် ကာကွယ်ပြီးသားဖြစ်သွားတယ်”ဟု Thanbyuzayat Watch မှ ကိုအောင်ထူးက ပြောသည်။

ကုလားဂုတ် ရေနက်ဆိပ်ကမ်းသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာအုပ်စု၊ လေယာဉ်ကွင်းကျေးရွာအနီး၊ သံဖြူဇရပ်မြို့ အနောက်တောင်ဘက် ၁၅ မိုင်အကွာတွင် တည်ရှိပြီး သံဖြူဇရပ်- ဘုရားသုံးဆူ လမ်းကို အဓိကထားကာ ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများသို့ ချိတ်ဆက်မည်ဖြစ်သည် ဟု ဆိုသည်။

ရေနက်ဆိပ်ကမ်းသည် ကမ္ဘာ့ရေကြောင်း နှင့် မိုင် ၄၀ ကွာဝေးပြီး ဆိပ်ကမ်းတည်ဆောက်ပြီးပါက ကုန်တင်သင်္ဘော DWT ၅၀,၀၀၀ ရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်လိမ့်မည်ဟု ဦးသိန်းအောင်က ပြောသည်။

ကုလားဂုတ် ရေနက်ဆိပ်ကမ်းကို ယခင်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ သပြေချောင်းရွာ ကမ်းခြေ အနီးတွင် တည်ဆောက်ရန် လျာထားခဲ့သော်လည်း ကမ်းခြေ၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် အလျား ကိုးမိုင်ကျော်ရှည်လျားသည့် ကုလားဂုတ်ကျွန်းခံနေသည့်အတွက် ယခုနေရာကို ရွေးချယ်ရခြင်း ဖြစ်သည်ဟုလည်း ဦးသိန်းအောင်က ပြောသည်။

၎င်းအပြင် ထိုရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တစ်နှစ်တန်ငါးသန်းချက်နိုင်မည့် ရေနံချက်စက်ရုံကို တည်ဆောက်နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဦးပိုင်နှင့် တရုတ်ကုမ္ပဏီ တစ်ခုကလည်း လေ့လာတိုင်းတာမှုများ ပြုလုပ်လျက် ရှိသည်ဟု မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီး နိုင်လ၀ီအောင်က ပြောသည်။ စက်ရုံအတွက် လိုအပ် မည့်ရေနံစိမ်းများကို အရှေ့အလယ်ပိုင်းနိုင်ငံများမှ ၀ယ်ယူကာ ချက်လုပ်မည်ဟုလည်း ဆက်ပြောသည်။

လက်ရှိတွင် ကုလားဂုတ်ရေနက်ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ရာတွင် အဓိကကျသည့် သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်းကို ဖောက်လုပ်လျက်ရှိပြီး မီးရထားလမ်းမှာ ဖြစ်နိုင်ခြေရှိ၊ မရှိ လေ့လာစမ်း သပ်ချက် (Feasibility Survey) အဆင့်တွင်သာ ရပ်တန့်လျက်ရှိသည်။

လက်ရှိအစိုးရက မြန်မာကမ်းရိုးတန်းတလျှောက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိပြီး ဘုတ်ပြင်းရေနက်ဆိပ်ကမ်းနှင့် ကုလားဂုတ်ရေနက် ဆိပ်ကမ်းတို့ကို တည်ဆောက်ရန် ပြင်ဆင်လျက်ရှိသည်။

No comments: