Tuesday, August 13, 2013

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် မိုင် ၄၀၀ လမ်းလျောက်ဆန္ဒပြ

ABC

တစ်ကိုယ်တော် ​အစာငတ်ခံဆန္ဒပြခဲ့တဲ့ ​သံဃာတော် ​အရှင် ​ယက္ခဝံသဟာ ​နိုင်ငံရေး ​အကျဉ်းသားဟောင်း ​တချို့နဲ့အတူ ​ရန်ကုန်မြို့ကနေ ​မန္တလေး၊ ​မဟာမြတ်မုနိဘုရားကြီးထိ ​လမ်းလျှောက် ​ဆုတောင်းမှုကို ​သြဂုတ်လ ​၁၁ ​ရက်နေ့က ​စတင်ခဲ့ပါတယ်။

လက်ကျန်နိုင်ငံရေး ​အကျဉ်းသားတွေ ​အကုန် ​လွတ်မြောက်ဖို့အတွက် ​လမ်းလျှောက် ​ဆုတောင်းတာဖြစ်တယ်လို့ ​အရှင် ​ယက္ခဝံသက ​ယခုလိုမိန့်ပါတယ်။

“ဦးဝိစာရ ​ဆရာတော်ကြီး ​ကျောက်တိုင်ရှေ့မှာ ​တိုင်တည်ပြီးတော့ ​မန္တလေး ​မဟာမြတ်မုနိ ​ဘုရားမှာ ​သစ္စာဆိုပြီးတော့ ​လွတ်အောင်လို့ ​မေတ္တာသွန်းဖြိုးမယ်၊ ​လက်ကျန်နိုင်ငံရေး ​အကျဉ်းသားပေါ့နော်၊ ​သမ္မတကြီးကလည်း ​လွှဲပေးသင့်တာကို ​လွှဲပေးပြီးပြီ၊ ​ဒါပေမယ့် ​အခုလက်ရှိ ​နိုင်ငံရေး ​အကျဉ်းသားတွေကို ​အကုန်လွှဲပေးဖို့ကို ​တောင်းဆိုနေတာပါ”
ရန်ကုန်ကနေ ​မိုင် ​၄၀၀ ​ကျော်ကွာဝေးတဲ့ ​မန္တလေး ​မဟာမြတ်မုနိ ​ဘုရားကြီးဆီကို ​လမ်းလျှောက်တာဟာ ​ရက်ပေါင်း၂၀ ​ကျော်ကြာမြင့် ​မယ်လို့ခန့်မှန်းထားပါတယ်။

အခုလို ​မေတ္တာပို့သမှုတွေကြောင့် ​နိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာမယ်လို့ ​ယုံကြည်ထားပြီး ​မအောင်မြင်ရင်လည်း ​နိုင်ငံရေးအရ ​ဆက်လက်လုပ်ဆောင်သွားမယ်လို့ ​အရှင် ​ယက္ခဝံသက ​မိန့်ပါတယ်။

“ဦးဇင်းရဲ့ ​မေတ္တပို့သမှုကြောင့် ​သော်လည်း ​နောက် ​အခြားအခြားသော ​ဆရာတော်တွေရဲ့ ​အားလုံး ​ဝိုင်းဝန်း ​မေတ္တာပို့သမှု ​သော်လည်း ​အောင်မြင်လာလိမ့်မယ်လို့ ​ဦးဇင်း ​မျှော်လင့်ထားတယ်၊ ​မအောင်မြင်ဘူးဆိုရင်လည်း ​နိုင်ငံရေးအရတော့ ​ဆက် ​လုပ်နေရမှာပဲ”


လမ်းလျှောက်ဆုတောင်းတာကို ​နေ့လည် ​၁၁ ​နာရီမှာ ​စတင်ခဲ့ပြီး ​ည ​၈ ​နာရီခွဲခန့်မှာတော့ ​လှည်းကူးမြို့ကို ​ကျော်ဖြတ်သွားပြီ ​လို့ ​သိရပါတယ်။

ဖမ်းဆီးခံအကျဉ်းသား ​လွတ်မြောက်ရေး ​ဆုတောင်းပွဲတွေဟာ ​အခုမှလုပ်တာမဟုတ်ဘဲ ​ဒေါ်အောင်ဆန်းစုကြည် ​ထိန်းသိမ်းခံရစဉ်ကတည်း ​က ​လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ​လမ်းလျှောက်ဆုတောင်းပွဲမှာပါဝင်တဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​ဟောင်း ​ဦးသန်းရွှေက ​ပြောပါတယ်။

“ဖမ်းဆီးခံအကျဉ်းသားများ ​လွတ်မြောက်ရေးဆိုတာ ​အခုမှ ​လုပ်တာ ​မဟုတ်ဘူးခင်ဗျ၊ ​တစ်ချို့က ​ခုမှ ​လုပ်တယ် ​ဦးသိန်းစိန်လဲ ​ခုမှ ​ပြောတယ်။ ​ဒါကြောင့်မို့လို့ ​ဦးသိန်းစိန်က ​နှစ်ကုန်လွှတ်ပေးမယ့်ဟာကို ​ကျွန်တော်တို့က ​ဆန္ဒစောနေတယ်လို့ ​ဒီလိုမျိုးတွေ ​ယူဆနေကြတယ်။ ​အမှန်မှန်တော့ ​ဒီလိုမဟုတ်ဘူးဗျ၊ ​ကျွန်တော်တို့က ​ဒေါ်အောင်ဆန်းစုကြည် ​ဖမ်းစဉ်ကတည်းကိုက ​အင်္ဂါ ​ဆုတောင်းဆိုပြီး ​ဆုတောင်းခဲ့တယ်ပေါ့ဗျာ”

အရှင် ​ယက္ခဝံသဟာ ​သြဂုတ်လ ​၃ ​ရက်နေ့က ​ရန်ကုန်မြို့ ​မြို့တော်ခန်းမရှေ့မှာ ​နိုင်ငံရေး ​အကျဉ်းသားတွေ ​အားလုံး ​လွတ်မြောက်ဖို့ ​တစ်ကိုယ်တော် ​အစာငတ်ခံ ​ဆန္ဒထုတ်ဖော်မှုကြောင့် ​သြဂုတ်လ ​၈ ​ရက်နေ့ထိ ​ရန်ကုန်တိုင်း ​သံင်္ဃာနာယကကရဲ့ ​ထိန်းသိမ်းမှုကို ​ခံခဲ့ရဘူးတယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက်စူးရှက ​သတင်းပေးပို့ ​ထားပါတယ်။

No comments: