ABC
မြန်မာနိုင်ငံမှာ ပြန်ကြားရေးးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာတွေ အကြား အားပြိုင်မှုတွေဖြစ်နေတုန်းမှာပဲ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး လွတ်လပ်သော မီဒီယာဥပဒေပေါ်ထွန်းဖို့အတွက် ပြည်သူတွေဆီက လက်မှတ်ကောက်ခံတဲ့ Campaign လှုပ်ရှားမှုတစ်ခုကို သြဂုတ်လ ၄ ရက်နေ့က စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာ ပေါ်ထွက်လာဖို့အတွက် ခုလို လှုပ်ရှားမှုမှာ ပါဝင်ကူညီလုပ်ဆောင်နေတယ်လို့ သတင်းသမား ကိုစိုးသူက ပြောပြခဲ့ပါတယ်။
စတုတ္ထမဏ္ဍိုင်က (မီဒီယာ) ပြန်ကြားရေးအောက် ရောက်နေတဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အတွက် ကျနော်အနေနဲ့ လွတ်လပ်တဲ့ မီဒီယာတစ်ရပ် ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)က ပေးပို့ထားတဲ့ သတင်းမီဒီယာဥပဒေ (ဒုတိယမူကြမ်း)အပေါ် ပြန်ကြားရေးဝန်ကြီးဌာနက လက်မခံတဲ့ ပြဌာန်းချက် ၁၇ ချက်နဲ့ ပတ်သတ်ပြီး တစ်ဖက်နဲ့တစ်ဖက်အကြား အားပြိုင်မှုတွေ ဖြစ်နေပါတယ်။ အဲဒီ့၁၇ချက်ထဲမှာ စာနယ်ဇင်းကောင်စီအဖွဲ့က အီလက်ထရောနစ်မီဒီယာ အသုံးပြုလိုတာကို ပြန်ကြားရေးဌာနက အင်တာနက်မီဒီယာ ဆိုတဲ့ အသုံးအနှုန်း သုံးတာတွေ၊ သတင်းမီဒီယာအတွက် မှတ်ပုံတင်ဌာနဖွဲ့စည်း ချုပ်ကိုင်မှုလုပ်တာတွေ၊ မီဒီယာဥပဒေ၊ ပုံနှိပ်နှင့် ထုတ်ဝေသူများ ဥပဒေ၊ Broadcasting Law စသဖြင့် မီဒီယာဥပဒေများစွာ ထုတ်ပြန်ပြီးထိန်းချုပ်လိုမှုနဲ့ သတင်းမီဒီယာ ပြဌာန်းချက်ဖောက်ဖျက်ခဲ့ရင် ပြည်သူတွေက သက်ဆိုင်ရာကို တိုင်ကြားနိုင်တဲ့ အချက်တွေ ထည့်သွင်းထားတာကို ပြန်ကြားရေးဝန်ကြီးဌာနက လက်မခံခဲ့တဲ့ပေါ် အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
ဒီCampaign ကိုစတင်ဦးဆောင်တဲ့ မြန်မာသတင်းသမားများ ကွန်ရက်ရဲ့ အတွင်းရေးမှုး ဦးမြင့်ကျော်က လက်ရှိပြဿနာဟာ ပြန်ကြားရေးနဲ့ မီဒီယာကြားက ပြဿနာမဟုတ်ဘဲ အားလုံးနဲ့ သက်ဆိုင်နေတာလို့ ခုလို ပြောပါတယ်။
ဒီဟာက သတင်းမီဒီယာသမားတွေနဲ့ ပြန်ကြားရေးဌာနအကြား ဖြစ်နေတဲ့ ကိစ္စလို့ မြင်လာကြတယ် ပါတီတွေ နိုင်ငံရေးသမားတွေ တချို့ကလည်း အဲလိုမျိုး အမြင်တွေ ရှိနိုင်တာပေါ့နော်။ ဒါကြောင့် ဒီကိစ္စဟာ သတင်းမီဒီယာ သမားသာမကဘူး၊ သာမာန်လူထုတွေလည်းပါတယ် ဆိုတာမျိုး သိစေချင်လို့ လက်မှတ်ကောက်တာ။ အကြံပြုချက်နဲ့ လက်မှတ်တွေကို လွတ်တော် ပို့မှာပေါ့နော်။
အခုCampaign မှာ လူထု သတင်းအမှန် ရရှိရေး မီဒီယာဥပဒေ လွတ်လပ်ခွင့်ပေးဆိုတဲ့ စတစ်ကာတွေကို လူငယ်သတင်းသမား ၃၀ခန့်က ရန်ကုန်မြို့ရဲ့ လူစည်ကားရာလှည်းတန်း၊ ရွှေဂုံတိုင်၊ တာမွေနဲ့ ဒလမြို့တို့မှာ လိုက်လံဝေငှပြီး လက်မှတ်ကောက်ခံ ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သတင်းကွန်ရက်ရှိတဲ့ မြစ်ကြီးနား၊ မုံရွာ၊ မန္တလေး၊ မကွေး၊ ပုသိမ်၊ မွန်ပြည်နယ်စတဲ့ နေရာတွေမှာလည်း တပြိုင်နက် လက်မှတ်ကောက်ခံမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ပြည်သူတွေဆီက ရရှိလာတဲ့ လက်မှတ်တွေနဲ့ သဘောထားမှတ်ချက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် လွှတ်တော်ကိုတင်ပြပြီး အဆုံးအဖြတ် ရယူသွားမယ်လို့ ပြင်ဆင်နေကြတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် သက်ထားဆွေက သတင်းပေးပို့ခဲ့ပါတယ်။

No comments:
Post a Comment