Monday, August 5, 2013

တိုင်းရင်းသားတွေကိုယ့်နည်းကိုယ့်ဟန် သွားနေသည်ဟု UNFC ပြော

သျှမ်းသံတော်ဆင့်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ နှင့် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ တို့သည် ပန်းတိုင်တခုတည်းဖြစ်သော်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ခရီးဆက်သွားနေသည်ဟု
ယမန်နေ့ ကျင်းပသော သတင်းစာဆွေးနွေးပွဲတွင် UNFC ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ် မွန်ပြည်သစ်ပါတီ အထွေ ထွေအတွင်းရေးမှူးလည်းဖြစ်သော နိုင်ဟံသာက သတင်းထောက်များအားပြောဆိုလိုက်ပါသည်။

“WGEC ဟာ working group ပါဘဲ။ လုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ အဖွဲ့ဖြစ်တယ်။ တိုင်းရင်းသား တွေစုစည်းဖို့ အစိုးရနဲ့ဆွေးနွေးဖို့ အစီအစဉ်တွေကိုညှိနှိုင်းချမှတ်နိုင်အောင် ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တယ်။အမြင်မတူ တာတွေ အနည်းအကျဉ်း ရှိတဲ့အတွက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကြိုးစားနေကြပါတယ်။” ဟု ပြောသည်။

UNFC မှကမကထပြုသောတိုင်းရင်းသားညီလာခံကို ဂျူလိုင်လ ၂၉ မှ ၃၁ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ကျင်းပခဲ့သည်။

ယမန်နှစ်ကကဲ့သို့တိုင်းရင်းသားညီလာခံကို UNFC နှင့် WGEC တို့ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိတော့သည့်အပေါ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်ထိခိုက်နိုင်မလားဟူသည့် သတင်းထောက်များမေးမြန်းချက်ကို
နိုင်ဟံသာက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့က အခုဆိုရင် အစိုးရနဲ့ဆွေးနွေးဖို့မူဘောင်လဲရေးဆွဲပြီးကြပြီ ။ ဒီတော့ UNFC အနေနဲ့ အရင်ကဆွေးနွေးလာခဲ့တဲ့ လုပ်ငန်းတွေအပေါ် ရှေ့ဆက်ပြီးတော့ ဆွေးနွေးလုပ်ဆောင်သွားမှာဘဲ။ အဲဒီလိုလုပ်ဆောင်နေတဲ့အပေါ် အမြင်မတူတာတွေရှိတယ်။ ဥပမာ KNU တို့ တချို့ပုဂ္ဂိုလ်တွေ ဥပမာ RCSS တို့ ဘက်ကအမြင်မတူတာ တွေရှိခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စဟာ ကြီးကြီးမားမားပြဿနာမဟုတ်ပါဘူး။ အစိုရနဲ့နိုင်ငံရေး ဆွေးနွေးတဲ့အချိန်ကြရင် စုစုစည်စည်းနဲ့ ဆွေးနွေးကြမှာပါ ” ဟု ဩဂတ်စ်လ ၂ ရက် ချင်း မိုင်မြို့ ဝင်းပဲလေ့စ်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် နိုင်ဟံသာက ပြောဆိုပါသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC သည် မိမိကိုယ်တိုင် ဦးဆောင်ပါဝင်ဖွဲ့စည်းထားသည့် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ WGEC မှ နှုတ်ထွက်ကြောင်း ဂျွန်လအစောပိုင်းက အသိအလင်းထုတ်ပြန်ကြေငြာခဲ့သည်။

No comments: