သောကြာ | သောကြာနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၃
မြန်မာနေရှင်နယ်လိဂ်ကလပ် မကွေးအက်ဖ်စီအသင်းသည် အသင်းရှိ နိုင်ငံခြား ကစားသမားလေးဦး စလုံးနှင့် လမ်းခွဲခဲ့သည့်အပြင် ရာသီကြိုထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခြေစမ်းပွဲသွားရောက်ကစားရန် မသေချာကြောင်း မကွေးအသင်းတာဝန်ရှိသူတစ်ဦးမှ မဇ္ဈိမသို့ ပြောကြားခဲ့သည်။
မကွေးအသင်းသည် ၂၀၁၃ ဘောလုံးရာသီမကုန်ဆုံးခင်က ဘူလ်ဂေးရီးယား နိုင်ငံသား အီဗန်၊ တီမောလက်ရွေးစင် အသင်း တိုက်စစ်မှူးအယ်မေးဒါးတို့နှင့် လမ်းခွဲခဲ့ပြီး ရာသီပြီးဆုံးချိန်တွင် ဂါနာနိုင်ငံသား ဆိစ်၊ ဂျပန်နိုင်ငံသား ကာဇူကီတို့နှင့် ထပ်မံလမ်းခွဲခဲ့ခြင်း ဖြစ်သည်။ မကွေးအသင်း တာဝန်ရှိသူတစ်ဦးက “လာမယ့် ဘောလုံးရာသီမှာနိုင်ငံခြားကစားသမားအသစ် လေးဦးစလုံး ပြန်ခေါ်မှာပါ။ ထိုင်းပရီးမီးယားလိဂ် ကလပ် ဆူဘန်ဘီရီအသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ သွားကစားဖို့က မသေချာပါဘူး။ လက်ရွေးစင်အသင်းကို ကစားသမားတွေ ပေးထားရတာရယ်။ ရှုံးထွက်ပြိုင်ပွဲလည်းရှိနေလို့ သွားဖို့ မသေချာတော့ပါဘူး” ဟု ပြောကြားခဲ့သည်။
မကွေးအသင်းမှဂိုးသမား ကျော်ဇင်ဖြိုး၊ နန္ဒကျော်၊ ထူးထူးအောင်၊ ဟိန်းဇာအောင်၊ မျိုးဇော်ဦးတို့မှာ ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် ပဏာမလက်ရွေးစင် ယူ-၂၃ အသင်းတွင် ပါဝင်နေသည်။ မကွေးအသင်းသည် ပြီးခဲ့သည့် ၂၀၁၃ ဘောလုံးရာသီတွင် ခုနစ်ပွဲနိုင်၊ ၁၁ ပွဲသရေ၊ လေးပွဲရှုံး ရမှတ် ၃၂ မှတ်ဖြင့် ရတနာပုံအသင်းနှင့် ရမှတ်တူ အဆင့်ခြောက်နေရာ၌ ရပ်တည်နိုင်ခဲ့သည်။
No comments:
Post a Comment