Tuesday, August 20, 2013

မြန်မာ အမျိုးသမီး တစ်ဦးအား မလေး နိုင်ငံသား (၃) ဦးမှ ဓါးထောက်၍ မုဒိမ်းကျင့်

ဖြူဖြူကို

မလေးရှား နိုင်ငံ ဂျိုဟိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိတွင် နေထိုင်သူ (မ------) ၂၃ နှစ်အား မလေးရှား နိုင်ငံသား (၃) ဦးမှ ဓါးထောက် ခေါ်ဆောင် သွားကာ သားမယား အဖြစ် အတင်း အဓမ္မ ပြုကျင့် ခဲ့ခြင်းနှင့် ပတ်သက်၍ သြဂုတ်လ (၁၉) ရက်နေ့၌ အလုပ်သမား သံမှူး ဦးစိုးဝင်း ကိုယ်တိုင် သွားရောက် ဖြေရှင်း ပေးခဲ့သည်ဟု (မ----) နှင့် နီးစပ်သူ တစ်ဦးမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြားသည်။

ယမာန်နေ့မွန်းလွဲ (၃) ဦးစိုးဝင်း အပါအ၀င် (၄) ဦး တို့သည် မလေးရှာနိုင်ငံ ဂျိုဟိုး (Jo Ho) ပြည်နယ်သို့ ရောက်လာပြီး (မ----) အား သွားရောက် တွေ့ဆုံပြီး မလေးရှားရှိ မြန်မာ သံရုံးသို့ ခေါ်ဆောင် သွားကြောင်းသိရှိ ရသည်။

“ဂျိုဟိုဘုန်းကြီးကျောင်း ကနေ မြန်မာ သံရုံးကို ခေါ်သွားပြီး ဟိုမှာပဲ ထားထားတယ်။ လက်ရှိ သူရဲ့ အခြေအနေ ကတော့ ကျန်းမာရေး အစောင့် အရှောက်နဲ့ နပ်စ်မ တစ်ယောက် ထားပေး ထားတယ်။ ဆေးရုံကိုတော့ အသွားအပြန် ဆေးကုသမှု ခံယူ နေရ ဆဲပဲ” ဟု ပြောသည်။

ထို အဓမ္မ ပြုကျင့် ခံရမှု ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်နေ့တွင် ၄င်း (မ---) နေထိုင်ရာ ဂျို့ကိုးပြည်နယ် ကိုတာတင်ဂီ တမန်ကိုတာရှိ အဆောင်၌ ဖြစ်ပွားခဲ့ကာ မလေး နိုင်ငံသား (၃) ဦးမှ (မ-----) အား ဓါးထောက်၍ ခေါ်ဆောင် သွားခဲ့ကာ ဝိုင်းဝန်း မုဒိန်းကျင့် ခဲ့ကြခြင်း ဖြစ်သည်။

သြဂုတ်လ (၁၆) ရက်နေ့ မလေးရှား စံတော်ချိန် ည ၁၁ နာရီ၌ အဆိုပါ (မ---) နှင့် အခြား အမျိုးသမီး (၇) ဦးတို့ နေထိုင်ရာ အဆောင်အား မလေး အမျိုးသား (၃) ဦးမှ နောက်ဖေး တံခါး ချိုးဖျက်ကာ ဝင်ရောက် ခဲ့ပြီး ဓါးပြ တိုက်ခဲ့သည်။

အမျိုးသမီး (၈) ဦးစလုံး ပိုင်ဆိုင်သည့် လက်ဝတ် လက်စား၊ ငွေကြေး၊ ဖုန်းများကို အတင်း လုယူ ခဲ့ကာ (မ-----) ၏ လက်ကိုင် ဖုန်းမှာ အပေါ် ထပ်၍ ရှိ၍ သွားယူ နေစဉ် မလေးသား အမျိုးသား (၃) ဦး စလုံး အပေါ်ထပ်သို့ (မ-----) သို့ လိုက်တက် သွားစဉ် ကျန် (၇) ဦးတို့ ထွက်ပြေး ခဲ့ကြသည်။

ထို့နောက်တွင် မလေး အမျိုးသား (၃) ဦးမှ (မ-------) ကို ဓါးဖြင့် ထောက်ကာ ၄င်းတို့ နေထိုင်ရာ တောထဲသို့ ခေါ်ဆောင် သွားပြီးနောက် ဝိုင်းဝန်း၍ အဓမ္မ ပြုကျင့် ခဲ့ကြကာ ထိုနေ့ နံနက် (၂) နာရီ ခန့်တွင် (မ----) နေထိုင်ရာ အဆောင် အနီးရှိ ဆီအုန်းတော၌ ပြန်၍ ပစ်ထား ခဲ့ကြသည်။

(မ-----) အပါအဝင် အမျိုးသမီး (၈) ဦးတို့မှာ မလေးရှား နိုင်ငံရှိ Panasonic ဖုန်းများ ထုတ်လုပ်သော Flairis and Bhd စက်ရုံတွင် အလုပ်လုပ်ကိုင် နေကြသူများ ဖြစ်သည်။


ထို (မ----) အား ဝိုင်းဝန်း မုဒိန်းကျင့် ခံရ ခဲ့ပြီးနောက် ၄င်းစက်ရုံမှ မြန်မာ နိုင်ငံသား အလုပ်သမား (၂၅၀) ဦးတို့က အခင်း စဖြစ်သည့် နေ့မှ စကာ အလုပ်မဆင်းပဲ ဝိုင်းဝန်း ဆန္ဒပြခဲ့ ကြသည်။

ယမာန်နေ့ ညနေ (၄) နာရီ ခွဲခန့်က အလုပ်သမား သံမှူး ဦးစိုးဝင်းတို့ ဦးဆောင်သည့် သံရုံး ကိုယ်စားလှယ် (၄)ဦး အလုပ်ရှင်၊ အေးဂျင့်တို့ ရှေ့မှောက်၌ ၄င်းအလုပ်သမား များနှင့် ညှိနှိုင်း ပေးခဲ့ ကြောင်းလည်း မလေး ၈၈ အထွေထွေ သပိတ် ကော်မီတီမှ ကိုအောင်ကြီးက ပြောသည်။

“မြန်မာ အလုပ်သမား (၂၅၀) ကို ဦးစိုးဝင်းက အလုပ် ပြန်ဆင်းဖို့ ပြောတယ်။ အလုပ်သမား တွေက သူတို့ အလုပ် မဆင်းတဲ့ (၄) ရက်မှာ လုပ်အားခကို မလျော့ဖို့၊ နေအိမ် လုံခြုံမှုရှိဖို့၊ အခုဖြစ်တဲ့ ကိစ္စကို အရေးယူ ပေးဖို့၊ မြန်မာ အလုပ်သမား တွေရဲ့ လုပ်ခ လစာ မရရှိတာ ရရှိအောင် လုပ်ပေးဖို့ အထောက် အထား စာရွက် စာတမ်းတွေ သိမ်းဆည်း ခံရ တာတွေ အခုလို အနိုင်ကျင့် ခံနေ ရတာတွေ များလာတဲ့ အတွက် ဖြေရှင်း ပေးဖို့ ဆိုပြီး တောင်းဆို ချက်တွေ လုပ်ပေး မှသာလျှင် အလုပ် ဆင်းမယ်” ဟု ပြောပါသည်။

ထိုတောင်းဆို ချက်အပေါ် ဦးစိုးဝင်းက ညှိနှိုင်း ပေးခဲ့ရာ၌ အလုပ်ရှင်၊ အေးဂျင့် တို့ကလည်း လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း ဂတိပေး ခဲ့သလို ယခု ဖြစ်စဉ် ကိုလည်း နစ်နာ သူအား တရားရုံး အဆုံး အဖြတ်နှင့် နစ်နာကြေး ပေးမည့် အကြောင်းနှင့်နေရာ ပြောင်းရွေ့မည့် ကိစ္စ ကိုလည်း တစ်လခန့် စောင့်ပေး ရန်နှင့် ထို (၁) လ အတွင်း လုံခြုံရေး ထားပေး မည်ဟု ကတိပေး ပြောဆို သွားခဲ့သည်။

မလေးရှားသို့ သွားရောက် အလုပ် လုပ်သော မြန်မာ နိုင်ငံသား အလုပ်သမား များသည် တရားဝင်ဖြစ်စေ၊ တရား မ၀င်သည့် လမ်းကြောင်းဖြင့် ဖြစ်စေ စက်ရုံလုပ်ငန်း ၊ စိုက်ပျိုးရေး၊ ဆောက်လုပ် ရေးနှင့် အခြား ၀န်ဆောင်မှု လုပ်ငန်း များတွင် လာရောက် လုပ်ကိုင် နေကြသည်။ မြန်မာ အလုပ်သမားပေါင်း (၃)သိန်း ၀န်းကျင် ရှိသည်ဟု ခန့်မှန်း ကြပါသည်။

No comments: