Saturday, August 17, 2013

ချင်းပြည် ရိဒ်ရေကန်ပတ်လည်ကို ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းစောင့်ရှောက်မည်

အေးမြင့်စန်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အသည်းပုံရေကန်ဟု လူသိများသော ရိဒ်ရေကန်ပတ်လည် ပတ်ဝန်းကျင်ဒေသများကို ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းရေးစီမံကိန်းကို ယခုနှစ် စက်တင်ဘာလတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ချင်းပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီးဦးကျော်ငြိမ်းက မဇိ္ဈမကို ပြောသည်။

ယင်းသို့ ရေဝေရေလဲဧရိယာအဖြစ် သတ်မှတ်ရခြင်းမှာ သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် အတွက် ဖြစ်သည်ဟုလည်း ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးက ဆိုသည်။

ရိဒ်ရေကန်၏ အထက်ပတ်လည်ဝန်းကျင် ဧရိယာ ၆၆၀ ဧကကို ရေဝေရေလဲ ဧရိယာအဖြစ် ထိန်းသိမ်းသွားမည်ဖြစ်ရာ အဆိုပါစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံ ဇူလိုင်လအတွင်းက တင်ပြခဲ့ရာ ခွင့်ပြုချက်ရပြီး ဖြစ်သည်။ ခွင့်ပြုချက်ရပြီးဖြစ်သောကြောင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ရန် လိုအပ်သည့်အချက်များ ရရှိစေရန် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်သည် ဟုလည်း ဦးကျော်ငြိမ်းက ပြောသည်။

၎င်းက “ရိဒ်ရေကန်ပတ်လည်က တောင်ကုန်းတောင်တန်းက သစ်တောဧရိယာတွေကို ကွင်းဆင်းစစ်ဆေးမယ်။ လူထုဆီက စစ်တမ်းတွေ ကောက်ယူပြီး သဘောတူလက်ခံမှ ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေးနယ်မြေ အဖြစ် သတ်မှတ်ကြေညာပေးမယ်” ဟု ပြောသည်။

ရိဒ်ရေကန်ပတ်လည်ရှိ တောင်ကုန်း တောင်တန်းများတွင် သစ်ပင်များ ထပ်မံ တိုးချဲ့စိုက်ပျိုးခြင်းနှင့် ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို စီမံချက်ချဆောင်ရွက်သွားမည်ဖြစ်ရာ စစ်တမ်းများ ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံ တင်ပြ၍ ရိဒ်ရေကန်ကို သဘာဝ ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ပေးရန် ခွင့်ပြုချက် တောင်းယူမည် ဖြစ်သည်။

ရိဒ်ရေကန် ပတ်ဝန်းကျင်တွင် ဒေသခံများသည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအဖြစ် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ပြီး ရိဒ်ရေကန်ကို သဘာဝထိန်းသိမ်းရေး နယ်မြေသတ်မှတ်နိုင်ရန် ဒေသခံများ၏ သဘောဆန္ဒကို လည်း ကောက်ယု ဆောင်ရွက်သွားမည်ဖြစ်သည်။

ရိဒ်ရေကန်သည် ဧရိယာ ၈၃၂ ဧက ကျယ်ဝန်း၍ ရေကန်၏ အထက်ပတ်ဝန်းကျင်တွင် လူနေအိမ်နှင့် မြို့ရွာချထား ခွင့် မလုပ်ရန် ပြည်နယ်အစိုးရက တားမြစ်ထားပြီး ချင်းလူမျိုးများက ချင်းပြည်နယ်၏အမျိုးသား သင်္ကေတအဖြစ် တန်ဖိုးထား သတ်မှတ်ထားသည်။

ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်တွင် ကျောက်ပန်းတောင် ဘေးမဲ့တောနှင့် နတ်မတောင် အမျိုးသား ဥယျာဉ်တို့ အပြင် ဖလမ်းနှင့် ဟားခါးမြို့နယ်များရှိ ဘွေပါးတောင်၊ ဇိမ်မူတောင်တို့ကိုလည်း သဘာဝထိန်းသိမ်းရေးနယ်မြေများ အဖြစ် သတ်မှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိနေသည်ဟုလည်း ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးက ဆိုသည်။

No comments: