ABC
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမယ့်လမှာ ချက်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။
ချက်နိုင်ငံရဲ့ မြို့တော် Prague မြို့မှာ ကျင်းပမယ့် Forum 2000 ညီလာခံ တက်ရောက်ဖို့အတွက် စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ချက်နိုင်ငံကို လည်ပတ်မှာ ဖြစ်ပါတယ်။
Forum 2000 ကို ချက်သမ္မတဟောင်း Vaclav Havel က ၁၉၉၆ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပြီး ဒီမိုကရေစီ မြှင့်တင်ရေး၊ ပြဿနာလျော့ချဖြေရှင်းရေးနဲ့ လူမှုအဖွဲ့အစည်းတွေကို ကူညီ ထောက်ပံ့ရေး အကြောင်းတွေ ဆွေးနွေးကြတဲ့ ညီလာခံ ဖြစ်ပါတယ်။
Forum 2000 ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ်မှ ဖိတ်ခေါ်တာမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ခံရကတည်းက နှစ်စဉ်ဖိတ်ခေါ်ခဲ့ကြတယ်လို့ သိရပါတယ်။
အကျယ်ချုပ် ခံရစဉ်အတွက် ဆွေးနွေးပွဲကို မတက်ရောက်နိုင်မှန်းသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှု၊ လူ့အခွင့်အရေးအတွက် ကြိုးစားမှုတို့ကို အသိအမှတ်ပြုတဲ့ အနေနဲ့ အမြဲတမ်း ဖိတ်ကြား ခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိဖို့ တိုက်တွန်းမှု လုပ်ခဲ့သူတွေထဲမှာ ချက်ပြည်သူ့သမ္မတဟောင်း Vaclav Havel လည်း ပါဝင်ပြီး ချက်သမ္မတဟောင်းဟာ၂၀၁၁ ခုနှစ်တုန်းက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ပိုလန်နဲ့ ဟန်ဂေရီနိုင်ငံကိုလည်း လည်ပတ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မယ့် ဆွေးနွေးပွဲကို တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားလည်း တက်ရောက်မယ်လို့ ပရပ်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment