ABC
မြန်မာနိုင်ငံအစိုးရနဲ့ ထိုင်းနိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းပြီး မွန်ပြည်နယ်မှာ ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့အတွက် စူးစမ်းလေ့လာမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။
မွန်ပြည်နယ် အတွင်းရှိ မုတ္တမ ပင်လယ်ကွေ့နားမှာ ရေနက် ဆိပ်ကမ်း တစ်ခု တည်ဆောက်ဖို့ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို စူးစမ်းဖို့ မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံက Emerald Grand Hotel ကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပြီး သုံးလအတွင်း စူးစမ်းလေ့လာမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။
ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းက မွန်ပြည်နယ် ရေးမြို့နဲ့ မော်လမြိုင်မြို့ကြားမှာ တည်ရှိပြီး ဒီစီမံကိန်း ဖြစ်ပေါ်ဖို့ အရင်ကတည်းက ကြိုးစားမှုတွေ ရှိခဲ့ပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ ထိုင်းကုမ္ပဏီတို့ကနေ ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနဲ့ စီးပွားရေး ကောင်းကျိုး ဆိုးကျိုးတွေကို လေ့လာမှာ ဖြစ်ပါတယ်။
ကုလားဂုတ်ရေနက် ဆိပ်ကမ်းစီမံကိန်းကြောင့် အလုပ်အကိုင် တစ်သောင်းနှစ်ထောင် ပေါ်ထွက်လာနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။
မွန်ပြည်နယ်တွင်းရှိ ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည် ဖော်ဖြစ်မယ်ဆိုရင် အဲဒီဆိပ်ကမ်းမှာ တန်ချိန်ငါးသောင်းရှိတဲ့ ပင်လယ်ကူး သင်္ဘောအစီးပေါင်း ၃၀ တစ်ပြိုင်ထဲ ဆိုက်ကပ် နိုင်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
ခုလောလောဆယ် မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်းစီမံကိန်း နှစ်ခု ရှိနေပြီး တစ်ခုကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းဖြစ်ပြီး နောက်တစ်ခုကတော့ တနင်္သာရီတိုင်းက ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း ဖြစ်ပါတယ်။
ဒါပေမယ့် ထားဝယ်ရေနပ်ဆိပ်ကမ်းစီမံကိန်းကတော့ ငွေရေးကြေးရေးအခက်အခဲကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေရပါတယ်။

No comments:
Post a Comment