Monday, August 19, 2013

၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ထောင်ကျခဲ့သည့် ဒီငြိမ်းလင်း ကျောင်းပြန်တက်ခွင့်ရပြီ

မင်းမင်း | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃

၂၀၀၇ ရွှေဝါရောင် သံဃာ့ အရေးအခင်းတွင် ထောင် ၁၅ နှစ်ခွဲ ချမှတ်ခံရသည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်မှ ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုဒီငြိမ်းလင်း အပါအ၀င် စုစုပေါင်းသုံးဦး ကျောင်းပြန်တက်ခွင့်ရကြောင်း ကာယကံရှင် ကိုဒီငြိမ်းလင်းက သြဂုတ် ၁၈ တွင် မဇ္ဈိမသို့ ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ၎င်းတို့ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) တွင် သြ ဂုတ် ၁၈ ရက် မနက်က ဆွေးနွေးပြီး ဦးအောင်မင်းက ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပေးမှုကြောင့် ယခုပညာရေးနှစ် (၂၀၁၃- ၂၀၁၄) တွင် ပြန်လည်တက်ခွင့်ရပြီဟု ၎င်းက ပြောသည်။

ဒီငြိမ်းလင်းက “ဆုံးရှုံးခဲ့ရတဲ့ ကိုယ့်အခွင့်အရေးပဲ ၀မ်းသာတာပေါ့ဗျာ။ ကျောင်းတက်ခွင့် မရသေးတဲ့ ကျောင်းသားတွေ အားလုံး ပြန်တက်ခွင့်ရဖို့လည်း တောင်းဆိုထားတယ်”ဟု ဆိုသည်။

ပြန်တက်ခွင့်ရသည့် ကျောင်းသားသုံးဦးမှာ ၎င်းအပါအ၀င် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သမိုင်းပထမနှစ်မှ ကိုရဲမြတ်ဟိန်းနှင့် စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုဇင်လင်းအောင်တို့ ဖြစ်သည်။

ကိုဒီငြိမ်းလင်းမှာ ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) ပြန်ဖွဲ့ရာတွင် ဦးဆောင်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှုအပါအ၀င် ပုဒ်မ ၆ ခုဖြင့်ထောင်ဒဏ် ၁၅ နှစ်ခွဲ ချမှတ်ခံရကာ အစိုးရ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်က ပြန်လည် လွတ်မြောက်လာခဲ့သည်။

ကျောင်းတစ်ဝက်တစ်ပျက်ဖြင့် ထောင်ကျခဲ့ရသောကြောင့် ပညာရေးသာမက အခြား လူမှုရေး၊ စီးပွားရေး စသည့် အခွင့်အရေးများလည်း ဆုံးရှုံးခဲ့ရသည်ဟု ကိုဒီငြိမ်းလင်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံရေးဖြင့် ထောင်ကျခဲ့ရသည့် ကျောင်းသားအများအပြား ကျောင်းပြန်တက်ခွင့်မရသေးဘဲ သူ၏ သူငယ်ချင်းထဲတွင်ပင် ကျောင်းတက်ခွင့်မရသူ ၁၅ ဦးခန့် ကျန်ရှိနေသေးသည်ဟု ကိုဒီငြိမ်းလင်း က ပြောသည်။

ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကိုဒီငြိမ်းလင်းမှာ အာဏာပိုင်များ၏ အဖမ်းအဆီးကို ရှောင်တိမ်းနေရင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် ရန်ကုန်ရှိ ပါရမီ တိုက်ခန်းတစ်ခုတွင် အဖမ်းခံလိုက်ရကာ ထိုစဉ်က သူ၏ အသက်မှာ ၂၁ နှစ် ဖြစ်သည်။

သူ၏ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်တစ်ဦးဖြစ်ကာ ထောင်ဒဏ် ၆၅ နှစ် ချမှတ် ခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပင် ပြန်လည်လွတ်မြောက်လာကာ အဖိုးဖြစ်သူမှာလည်း သာယာဝတီ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရစဉ် ကွယ်လွန်ခဲ့သော ထီးလင်းမဲဆန္ဒနယ်မှ ရွေးကောက်ခံ လွှတ်တော် အမတ် ဦးစောဝင်း ဖြစ်သည်။

No comments: