ဒို့မြိတ်သား (မြိတ်ကျွန်းစု)
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဗဟိုပြု ဆောင်ရွက်နိုင်ရေးအတွက် မြိတ်မြို့ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမ၌ သြဂုတ် ၁၄ ရက်က ဆွေးနွေးခဲ့သည်။
ယင်းသို့ ဆွေးနွေးမှုများ ပြုလုပ်ခြင်းမှာ သြဂုတ် ၉ ရက်က နေပြည်တော်၌ ပြည်ထောင်စုအဆင့်တွေ့ဆုံပွဲတွင်နိုင်ငံတော်သမ္မတက ပြည်သူ့ဗဟိုပြုအဖွဲ့အစည်းများဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်ရန် ပြောကြားခဲ့သည့်အပြင် သြဂုတ် ၁၂ ရက်ကလည်း နိုင်ငံတော် သမ္မတရုံးမှဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့မှ သမ္မတကြီး၏ မိန့်ကြားချက်များကို ထပ်ဆင့်ရှင်းလင်းခဲ့သည်။
သို့ဖြစ်၍ မြိတ်ဒေသအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့ဗဟိုပြု အဖွဲ့အစည်းများဖြင့် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်ဟု မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးကပြောသည်။ ၎င်းကဆက်လက်၍ နောက်လာမည့် တွေ့ဆုံဆွေးနွေးပွဲများ တွင်လည်း ပါတီအဖွဲ့အစည်းများအနေဖြင့်ဒေသခံပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲများအား တင်ပြဆွေးနွေးနိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည်ဟုလည်း ပြောသည်။
အဆိုပါအစည်းအဝေးသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ၊ တစညပါတီတို့မှ ကိုယ်စားလှယ်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
သမ္မတဦးသိန်းစိန်က ၀န်ကြီးများပြည်နယ်နှင့် တိုင်းပြည်နယ်ဝန်ကြီးများ ဒုတိယ၀န်ကြီးများနှင့် သြဂုတ်လ ၉ ရက် က တွေ့ဆုံရာတွင် ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ချက် ၇ ချက်ကိုချပြလိုက်ပြီး သူ့အစိုးရကျန်ရှိ သက်တမ်းလ ၃၀ အတွင်းအပြီးပြတ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအဖြစ် လမ်းပြမြေပုံအချက် ခုနစ်ချက်ကို ထုတ်ပြန်လိုက်သည်။
No comments:
Post a Comment