Thursday, August 22, 2013

အိုဟောင်းယာဉ်အပ်နှံမှု လက်ခံချိန်ကြာမြင့်ခြင်းကြောင့် ကားဟောင်းဈေး စလစ်ဈေး မြင့်တက်

ထင်လင်းအောင်

အိုဟောင်းယာဉ် အပ်နှံမှုအချိန်ကြာမြင့်ခြင်းက ဈေးကွက်အတွင်း ယာဉ်ဟောင်းစလစ်ဈေးနှင့်အိုဟောင်းယာဉ်ဈေးမြင့်မားစကြောင်း ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

ဇွန်လအတွင်းပိုင်းမှ စတင်လက်ခံလိုက်သည့် “သ”အက္ခရာယာဉ်များမှာ ယခုလအထိဆိုလျှင် သုံးလ နီးပါး ကြာသည်အထိ အပ်နှံလက်ခံမှု အချိန်ကြာမြင့်သဖြင့် အပ်နှံမည့်ကားရှားလာသည်။ ယင်းသို့ ရှားပါးလာ၍ ၀ယ်ယူလိုသူများက ဈေးမြှင့်ပေးဝယ်ယူခြင်းများကြောင့် ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ယင်းတို့ကပြောသည်။

ကားသစ်များ တင်သွင်းနိုင်ရန် ယာဉ်ဟောင်းများ အပ်နှံရသည်ဖြစ်ရာ အိုဟောင်းယဉ်များ မဖြစ်မနေ ရှာဖွေရသည်။ ရန်ကုန်မြို့တွင် မရှိပါက နယ်အထိပင်မှာယူရသဖြင့် ကုန်ကျစရိတ်ကြီးမြင့်လာသည်။

“သ” အက္ခရာ မကုန်သေးခင် အခြားနံပါတ်တစ်ခုကို အပ်နှံရန်သတ်မှတ်ပေးလိုက်ပါက အခြားအက္ခရာလည်း ရှာနိုင်၊ “သ” အက္ခရာလည်း ရှာနိုင်သဖြင့် ကားဟောင်းဈေး၊ စလစ်ဈေးများစွာတက်မည် မဟုတ်ဟု ၀ယ်ရောင်းများက ဆိုသည်။

“သ”အက္ခရာ ယာဉ်များစတင်သည့် အပ်နှံလက်ခံစဉ်က အိုဟောင်းယာဉ် ဈေးနှုန်းများမှာ ကျပ်သိန်း ၉၀ ၀န်းကျင်နှင့် စလစ်ဈေးနှုန်းမှာ ကျပ်သိန်း ၉၅ ၀န်းကျင်သာရှိခဲ့ခြင်း ဖြစ်သော်လည်း ယခုလတွင်မှု ကားဟောင်း ဈေးကျပ် ၉၇ သိန်းဝန်းကျင်နှင့် စလစ်ဈေး ကျပ် ၁၀၂ သိန်းအထိ ဈေးရှိလာသည်။

ကားဝယ်ရောင်းဖြစ်သူ ဦးကျော်နိုင်က “အပ်နှံလက်ခံတာ အချိန်ကြာတော့ ဈေးကွက်ထဲမှာအပ်မယ့် ကားရှားလာတာနဲ့အမျှ ဈေးကတက်လာတာပဲ”ဟု ပြောသည်။

ပြည်တွင်း ကားတင်သွင်းခွင့် မူဝါဒအရ အိုဟောင်းယာဉ် အပ်နှံအစားထိုးတင်သွင်းခွင့်၊ တစ်ဦးချင်းပါမစ်လျှောက်တင်သွင်းခွင့် စသည်ဖြင့် ခွဲခြားထားခြင်းဖြစ်ရာ ထိုသို့စလစ်ဈေးနှင့် ကားဟောင်းဈေးများမြင့်တက်မှုသည် အိုဟောင်းယာဉ်အပ်နှံမှု စလစ်ဖြင့်သာ ပါမစ်လျှောက် ၀ယ်ယူခွင့်ရှိသည့် ကားဈေးများ ကိုပါ မြင့်တက်စေခြင်းကြောင့် ၀ယ်ယူသူများကိုပါ နစ်နာစေခြင်းဖြစ်ကြောင်း ယင်းတို့ကဆိုသည်။

ဆက်လက်၍ ယင်းက “ကားဟောင်းဈေး၊ စလစ်ဈေး တက်လာရင် သွင်းတဲ့ကားတွေမှာလည်း ဈေးတက် မှာပဲ” ဟု ယင်းက ပြောသည်။

ယင်းမတိုင်မီ လက်ခံခဲ့သည့် “လ” အက္ခရာ အပ်နှံမှုမှာလည်း လေးလအထိကြာမြင့်ခဲ့ခြင်းကြောင့် ကားဟောင်းဈေးနှင့် စလစ်ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ယခု“သ”အက္ခရာ အပ်နှံမှုတွင် လည်း “လ” အက္ခရာကဲ့သို့ အချိန်ကြာမည်ဆိုပါ ထပ်မံ ဈေးတက်နိုင်ဖွယ်ရှိကြောင်း ယင်းတို့က ပြောသည်။

အခြားကား ၀ယ်ရောင်းတစ်ဦးဖြစ်သည့် ဦးဇော်ထွန်းက “ အချိန်ကြာလာရင် အပ်ဖို့ကားရှားလာမှာပဲ။ အဲတော့ သွင်းချင်တဲ့သူတွေက ဈေးကြီးပေးဝယ်ရင်း ဈေးတက်လာတာကတော့ ဖြစ်မှာပဲ”ဟုပြောသည်။

“သ”အက္ခရာ အပ်နှံလက်ခံမှုများ မစတင်မီ စတင်အပ်နှံလက်ခံစဉ်က စလစ်ဈေးကျပ်သိန်း ၉၀ ၀န်းကျင်သာ ရှိခဲ့သော်လည်း “သ”အက္ခရာ စလစ်ဈေးများမှာ ကျပ်သိန်း ၁၀၀ ၀န်းကျင်အထိ မြင့်တက်ခဲ့သည်။

လက်ရှိ အချိန်အထိတွင် အိုဟောင်း ယာဉ်အပ်နှံမှုဖြင့် တင်သွင်းခွင့်ပြုထားပြီးသည့် ကားအစီးရေ ခုနစ်သောင်း သုံးထောင်ကျော် ရှိနေပြီဖြစ်သည်။

No comments: