မင်းမင်း | တနင်္လာနေ့၊ သြဂုတ်လ ၀၅ ရက် ၂၀၁၃
စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားသော မီဒီယာဥပဒေကြမ်းအား လွှတ်တော်တွင် တင်သွင်းပါက လွှတ်တော်တွင်းရှိ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီအမတ်များက ထောက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းပါတီက သြဂုတ် ၄ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
NDF ပါတီမှ အထက်လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ယင်းဥပဒေနှင့် ပတ်သက်၍ “မီဒီယာကလည်း မဏ္ဍိုင်တစ်ခုအနေနဲ့ အင်မတန်မှ အရေးကြီးတော့ သူတို့ကို လျစ်လျူရှုထားလို့ မရဘူးလေ။ စာနယ်ဇင်းသမားတွေရေဆွဲထားတာကို ပြဌာန်းတာက ပိုပြီး သဘာဝကျတယ်။ ဒါကြောင့် အန်တီတို့က ထောက်ခံမှာပါ”ဟု ပြောသည်။
ဥပဒေကို လွှတ်တော်သို့ တင်ပြရန် သတင်းစာဆရာများက ရန်ကုန်မြို့တွင် ပြည်သူများ၏ သဘောထား လက်မှတ်များ သြဂုတ်လ ၄ ရက်က လိုက်လံ ကောက်ယူနေပြီဖြစ်သည်။
လွှတ်တော်တွင် ပြည်ထောင်စုအဆင့် ပုဂ်္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကသာ ဥပဒေကြမ်း တင်သွင်းခွင့်ရှိရာ သတင်းစာဆရာများက ယင်းဥပဒေကို အမတ်တစ်ဦးဦးထံမှ လွှတ်တော်တင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ထိုအရေးနှင့် ပတ်သက်၍ အထက်လွှတ်တော် အမတ်တစ်ဦးနှင့် အောက်လွှတ်တော် အမတ်တစ်ဦးက လွှတ်တော်တင်ပေးမည်ဟု ကမ်းလှမ်းထားပြီဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက သူ့အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ယင်းဥပဒေကြမ်းကို လွှတ်တော်သို့ တင်ရန် သြဂုတ်လ ၃ ရက်က ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် ဆွေးနွေးရန် စာနယ်ဇင်းကောင်စီ(ယာယီ)မှ နိုင်ငံရေးပါတီ ၂၃ ခုကို ဖိတ်ကြားထားခဲ့သော်လည်း NDF ပါတီ အပါအ၀င် အင်အားကြီးပါတီများဖြစ်သော NLD ပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့မှ တက်ရောက်ခဲ့ခြင်း မရှိပေ။
ယင်းကဲ့သို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိသည့်အပေါ်လည်း NDF ပါတီအနေဖြင့် ၀မ်းနည်းရကြောင်းလည်း သြဂုတ် ၄ ရက်က ထုတ်ပြန်သည့် အဆိုကြေညာချက်တွင် ပါရှိသည်။
ယင်းဥပဒေနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ) အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းဆွေက “ကျွန်တော်တို့ ဆွဲထားတဲ့ဥပဒေက ပြီးပြည့်စုံတဲ့ ဥပဒေလို့ မဆိုလိုဘူး။ အားနည်းချက် ရှိကောင်းရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရိုးသားမှုအပြည့်၊ ကိုယ်ကျိုးစီးပွား လုံးဝလုံးဝမပါဘဲ အတတ်နိုင်ဆုံး မျှတအောင် ဆွဲထားတယ်ဆိုတာ အာမခံတယ်”ဟု သူ၏ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မီဒီယာ ဥပဒေနှင့် ပြန်ကြားရေး ၀န်ကြီးဌာနှင့် စာနယ်ဇင်းကောင်စီတို့၏ သဘောထား ကွဲလွဲနေသည့် အချက်တွင် အီလက်ထရောနစ်မီဒီယာအား ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ အင်တာနက်ဥပဒေဟု သီးခြား ခွဲထွက်လိုပြီး၊ သတင်းစာဆရာများဘက်ကလည်း မီဒီယာသမားတိုင်းသည် အီလက်ထရောနစ် ပစ္စည်းများကို အသုံးပြုရသည့်အတွက် အင်တာနက်ဥပဒေ သီးသန့်ထားရှိရန် မလိုအပ်ဟု ယူဆသည်။
မီဒီယာဥပဒေကို ထောက်ခံသည့် NDF ပါတီမှအမတ်သည် အောက်လွှတ်တော်တွင် လေးဦးနှင့် အထက် လွှတ်တော်တွင် တစ်ဦး စုစုပေါင်း ငါးဦး ရှိသည်။
No comments:
Post a Comment