မြတ်နိုးခင်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြောက်ပိုင်း၊ ပထုန်ဌါနီခရိုင်၊ ပထုန်ဌါနီမြို့ရှိ မြန်မာအခေါ် "မိယေ" သုံးထပ်သားလုပ် သစ်စက်ရုံတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ၁၀၀ ခန့်မှာ ဇူလိုင်လ ၃၀ ရက်နေ့က အလုပ်ထုတ်ခံရကြောင်း သတင်းရရှိသည်။
အလုပ်ထုတ်ခံရသော မြန်မာတိုင်းရင်းသားများ အလုပ်သမားများအထဲတွင် လူ ၆၀ ခန့်မှာ ရခိုင်တိုင်းရင်းသားများဖြစ်၍ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ စသော နေရာများမှ ပါဝင်ကြောင်း တချို့အလုပ်သမားများမှာ အလုပ်ဝင်လုပ်တာ မကြာသေးကြောင်းလည်း သိရသည်။
ဘာအပြစ်မှ မရှိဘဲ အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်ဟု ၄င်းစက်ရုံ၌ လုပ်သက် သုံးလခန့်သာရှိသေးသည့် အလုပ်ထုတ်ခံရသူ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ကိုမြင့်ရွှေက အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။
" ဇူလိုင် ၃၀ ရက်နေ့ ညနေ ၃ နာရီလောက်မှာပေါ့ ကျွန်တော်တို့ အလုပ်လုပ်နေကြတုန်း ထိုင်းလူမျိုး မန်နေဂျာက မနက်ဖြန် အလုပ်ဆင်းစရာ မလိုတော့ဘူးဆိုပြီးတော့ ပြောပါတယ်။ အဲဒီနေ့က အလုပ်သမားကဒ်တွေကို အကုန်လုံး သိမ်းသွားပါတယ်။ ဘာအပြစ်မှ မရှိဘဲနဲ့ အလုပ်ထုတ်ခံခဲ့ရတာပါ။ အဲဒီနေ့က အလုပ်သမား ၆၀ လောက် တရက်တည်းနဲ့ အလုပ်ထုတ်ခံခဲ့ရပါတယ်။ နောက် တဖြည်းဖြည်းနဲ့ ၁၀၀ လောက်ရှိသွားပါပြီ။ " ဟု သူက ဆိုသည်။
အလုပ်ထုတ်ခံရသော အလုပ်သမားများမှာ ဇူလိုင်လ အတွက်ရမည့်လစာကို သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပေးမည်ဟု စက်ရုံက မာန်နေဂျာမှ ပြောထားသောကြောင့် လစာပေးမည့်ရက်ကို စောင့်ဆိုင်းနေကြသည်ဟု သူကပြောသည်။
၎င်းအလုပ်သမားများမှာ အလုပ်ထုတ်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် မြန်မာသံရုံးတို့ထံ တိုင်ကြားခြင်းမရှိသေးကြောင်းနှင့် အနီးအနားတွင်လည်း အလုပ်သမားအရေးဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများလည်း မရှိကြောင်း သူက ဆက်လက်ပြောသည်။
ပထုန်ဌါနီမြို့ရှိ မြန်မာအခေါ် "မိယေ" သုံးထပ်သား သစ်စက်ရုံတွင် မြန်မာအလုပ်သမား ၃၀၀ ခန့်ရှိပြီး ရခိုင်အပါအ၀င် အခြားတိုင်းရင်းသားများနှင့် ထိုင်းလူမျိုးများပါဝင်ကြောင်း သိရသည်။

No comments:
Post a Comment