Thursday, September 12, 2013

ဆယ်တန်းကျောင်းသားကို သေဆုံးစေမှုကြောင့် ရဲတစ်ဦး ထောင်ဒဏ်အပြစ်ပေးခံရ

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တရားရုံးက ဆယ်တန်းကျောင်းသား မောင်ကောင်းဆက်ပိုင်ကို သေဆုံးစေ မှုဖြင့် တရားစွဲခံထားရသူ ရဲဒု-တပ်ကြပ် သဲမောင်မောင်ကို စက်တင်ဘာ ၁၀ ရက်က ထောင် ဒဏ် နှစ်နှစ်ချမှတ် လိုက်သည်။

အဆိုပါရဲသည် ၎င်းကိုတရားစွဲထားသော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အပြင်းအထန် နာကျင်စေမှုသည် ထင်ရှားသဖြင့် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်ခြောက်လ၊ ပြစ်မှုဆိုင်ရာဥပဒေ ၃၀၄(က) ပေါ့လျော့မှုကြောင့် လူသေစေမှုသည် ပြစ်မှုထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်နှင့်ခြောက်လကျခံရမည်ဟု တရားရုံးက စီရင်လိုက်ခြင်း ဖြစ်သည်။

ထိုပြစ်ဒဏ်များကို တရားခံကတစ်ပေါင်းတည်းကျခံရမည်ဖြစ်ကြောင်း၊ အမှုရင်ဆိုင်စဲကာလတွင် ချုပ်ရက်များ ရှိသဖြင့် ထိုရက်များကို ထုတ်နုတ်ကျခံရန် တရားသူကြီးက အမိန့်ချသည်။ ထို့ကြောင့် ယခုတရား စီရင်သည့်နေ့မှ စ၍ တရားခံသည် အကျဉ်းထောင်တွင် တစ်နှစ်နှင့် ခြောက်လပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

ယခုစီရင်ချက်ချသည့် အမှုသည်ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃ ရက်က ပြည်မြို့၊ စည်တော်မင်္ဂလာရပ်ကွက် တွင် ဖြစ်ပွားခဲ့သော ကျောင်းသားတစ်ဦး သေဆုံးပြီး၊ ကျန်လူငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာ ရသွားသည့် ကိစ္စဖြစ်သည်။

သေဆုံးသူသည် မောင်ကောင်းဆက်ပိုင်ဆိုသည့် ဆယ်တန်းကျောင်းသားဖြစ်ပြီး၊ ဒဏ်ရာရရှိသွားသူမှာ ကိုဇော်လင်းဦး ဆိုသည့် လူငယ်တစ်ဦး ဖြစ်သည်။ အခင်းဖြစ်သည့်နေ့က ထိုလူငယ်နှစ်ဦးသည် ဆိုင်ကယ် စီးနင်း သွားလာနေစဉ် ဒု-တပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့် လိုက်လာပြီး နောက်မှထိုင်စီးသူ ကိုဇော်လင်းဦးကို ဆွဲချခဲ့သလို၊ ဆိုင်ကယ်မောင်းနေသူ မောင်ကောင်းဆက်ပိုင်ကိုလည်း ခြေထောက်ဖြင့် ကန်လိုက်သည်ဟု တရားလို ဘက်က တရားရုံးတွင် ထွက်ဆိုထားသည်။

ထို့ကြောင့် ကိုဇော်လင်းဦးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကြကာ ဒဏ်ရာအပြင်းအထန် ရခဲ့သလို၊ မောင်ကောင်းဆက်ပိုင် သည်လည်း ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လဲကျပြီး ဓာတ်တိုင်၊ အုတ်ခုံတို့နှင့် ဆောင့်မိ ခဲ့ရာ ပြည်မြို့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်လမ်းတွင်ပင် သေဆုံးခဲ့ရသည်။

ဒု-တပ်ကြပ် သဲမောင်မောင်ကမူ ၎င်းသည် အမှုတစ်ခု၌ မျက်မြင်သက်သေထွက်ဆိုပေးရန် ထိုလူငယ်နှစ်ဦးကို လိုက်ရှာနေစဉ် လှမ်းမြင်လိုက်သဖြင့် သူတို့ဆိုင်ကယ်ကို နောက်မှလိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ထိုလူငယ်နှစ်ဦး ၏ ဆိုင်ကယ်အနီးသို့ သူရောက်ရှိချိန်တွင် မောင်ကောင်းဆက်ပိုင်တို့၏ ဆိုင်ကယ်မှာ တိမ်းမှောက်ပြီးဖြစ်ကြောင်း၊ ဆိုင်ကယ်မှောက်သည်မှာလည်း အနီးရှိသစ်ပင် နှင့် ချိတ်မိ၍ မှောက်ခြင်းဖြစ်နိုင် ကြောင်း တရားရုံးတွင် ခုခံချေပ ခဲ့သည်ကို မဇ္ဈိမက စက်တင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။

မောင်ကောင်းဆက်ပိုင်၏ အလောင်းကို မှုခင်းဆရာဝန်က စစ်ဆေးခဲ့ရာ ဦးခေါင်းခွံနှင့် နံရိုးများကျိုးပဲ့ပြီး ဦးနှောက် အတွင်း သွေးထွက်လွန်ကာ သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသူသည် အရက်သေစာသောက် စားထားခြင်း မရှိကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ကိုဇော်လင်းဦးသည်လည်း အဆုတ် ပေါက်ထွက်ပြီး အဆုတ် အတွင်းသို့ သွေးများဝင်ရောက်သဖြင့် ပြည်ဆေးရုံကြီးတွင် ခွဲစိတ်ကုသခဲ့ရသည်။

ပြစ်မှုကိုကျူးလွန်ခဲ့သည့် ဒု-တပ်ကြပ် သဲမောင်မောင်ကို ရွှေတောင်မြို့နယ်တရားရုံးက ထောင်ဒဏ်နှစ်နှစ် ချမှတ် သော်လည်း သေဆုံးသူ မောင်ကောင်းဆက်ပိုင်၏ ဖခင်တရားလို ဦးအေးဟုန်က အထက်တရားရုံးတွင် ဆက်လက် တရားစွဲဆိုဦးမည်ဟုပြောသည်။ “ကျွန်တော် မကျေနပ်ဘူး။ ဆက်တက်မယ်”ဟု ၎င်းက ဆိုသည်။

အခင်းဖြစ်ပွားသည့် ကာလက ဒု-တပ်ကြပ် သဲမောင်မောင်သည် ပြည်မြို့ မြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသော ရွာဘဲနယ် မြေနယ်ထိန်းဖြစ်ပြီး သူသည် ရဲလုပ်သက် ၁၂ နှစ်ကျော်ရှိပြီဖြစ်သည်။

သေဆုံးသူ မောင်ကောင်းဆက်ပိုင်မှာ အသက် ၁၅ နှစ်သာရှိသေးသည့် ဆယ်တန်းကျောင်းသား ဖြစ်သည်။

ယခုတရားစီရင်ခဲ့သည့်အမှုနှင့်ပတ်သက် ၍ ဒု-တပ်ကြပ် သဲမောင်မောင် တာဝန်ထမ်းဆောင်ခဲ့သော မြို့မရဲစခန်းမှ ဒုရဲမှူးဝင်းခိုင်က တရားခံ သဲမောင်မောင်သည် စွပ်စွဲခံရခြင်းသာဖြစ်ကြောင်း ကာကွယ် ပြောကြားသည်။

“သက်သေပြတဲ့အနေနဲ့ ကျွန်တော်ကိုယ်တိုင် ဆိုင်ကယ်တက်မောင်းမယ်။ ကြိုက်သလိုဆွဲချပါ။ ပြီးတော့ ဆိုင်ကယ် ကို ကန်ပါ။ သေသွားရင် အမှုမဖွင့်ဘူး။ လက်မှတ်ပါ ထိုးပေးမယ်။ သဲမောင်က အစွပ်စွဲခံရ တာ”ဟု ဒု-ရဲမှူးဝင်းခိုင်က သတင်းထောက်များကို ဖြေကြားရာ၌ တရားခံကို ကာကွယ်ပြောကြားသည်။

No comments: