Monday, September 2, 2013

နှစ်ပေါင်းငါးဆယ်ကျော် ဖျက်သိမ်းခံခဲ့ရသည့် ဦးဥတ္တမရုပ်တုကို ပြန်လည်ဖော်ထုတ်မည်

ကေဇင်ဦး | တနင်္လာနေ့၊ စက်တင်ဘာလ ၀၂ ရက် ၂၀၁၃

စက်တင်ဘာ ၉ ရက်တွင်ကျရောက်သည့် ဦးဥတ္တမနေ့အခမ်းအနားတွင် ယခင်ကဖျက်သိမ်းထားခဲ့သည့် ဦးဥတ္တမ ရုပ်တုကို ဦးဥတ္တမပန်းခြံတွင် ပြန်လည်ထားရှိရန် အစိုးရကို အသနားခံစာတင်သွားမည်ဟု ဦးဥတ္တမနေ့ အခမ်းအနားပြန်ကြားရေးတာဝန်ခံ ဦးသန်းမောင်က ပြောကြားလိုက်သည်။

လက်ရှိတွင် ရုပ်တုသည် အဆိုပါဦးဥတ္တမရုပ်တုကို ထုလုပ်ခဲ့သည့် ပန်းပုဆရာကြီး၏ နေအိမ်တွင်ရှိနေပြီး ဦးဥတ္တမ ပန်းခြံသို့ ပြန်လည်ပင့်ဆောင်ရန် စီစဉ်နေကြခြင်းဖြစ်သည်။

ယခုကဲ့သို့ ပန်းခြံသို့မပင့်ဆောင်မီ အထိမ်းအမှတ်နေ့အခမ်းအနားသို့ ကနဦး ပင့်ဆောင်မည်ဖြစ်သည်။

“အခမ်းအနားကို ပင့်ဆောင်ပြီးရင် အခုကန်တော်မင်ပန်းခြံလို့ခေါ်နေကြတဲ့ ဦးဥတ္တမပန်းခြံမှာ ထားနိုင်အောင် အစိုးရကို အသနားခံစာတင်သွားမယ်၊ အခြားတစ်နေရာရာမှာ တင့်တင့်တယ်တယ် ထားမယ်။ ပြန်ဖော်ပြီးပြီဖြစ် တာကြောင့် ပြန်ပြီးတိမ်မြုပ်မခံနိုင်တော့ဘူး” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကပြောသည်။

ဦးဥတ္တမရုပ်တုသည် ၁၉၅၀ ခုနှစ်မှစတင်ကာ ဦးဥတ္တမပန်းခြံတွင် ဆယ်နှစ်ခန့်ရှိနေခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိဘဲ တိမ်မြုပ်နေသဖြင့် ထုလုပ်သူပန်းပုဆရာကြီး ဦးဟန်တင်က မိမိနေအိမ်သို့ ပြန်လည်ပင့်ဆောင်ခဲ့ကာ ၎င်း ကွယ်လွန် သွားပြီးနောက် လက်ရှိတွင် သမီးဖြစ်သူက ထိန်းသိမ်းထားသည်။

“ရုပ်တုက သက်တမ်းကြာပြီဖြစ်လို့ ပျက်စီးစပြုနေပြီ၊ တော်တော်ကိုပြုပြင်ယူရမယ်” ဟု ရုပ်တုပြန်လည်ပင့်ဆောင်ရေးအဖွဲ့မှ ကိုဟန်သိန်းက မဇ္ဈိမကို ပြောသည်။

ပြန်လည်ပင့်ဆောင်ရေးအဖွဲ့သည် ရုပ်တုကို ပြန်လည်ပင့်ဆောင်နိုင်ရန်အတွက် စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့၊တောင်ဥက္ကလာပရှိ ပန်းပုဆရာကြီးနေအိမ်သို့ သွားရောက်ခဲ့သေးသည်။

ယခင်ဦးဥတ္တပန်းခြံဖြစ်သည့် ယနေ့ကန်တော်မင်ပန်းခြံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရကဆရာတော် ဦးဥတ္တမ၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို ဂုဏ်ပြုသည့်အနေဖြင့် ဦးဥတ္တမပန်းခြံဟု ခေါ်ဝေါ်စေခဲ့ပြီး ပန်းခြံတွင် ဆယ်နှစ်ခန့် ထားရှိခဲ့သည်။

No comments: