Monday, September 2, 2013

နည်းပညာရှင် ကိုညီနေမင်းမှ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းများအား ကွန်ပျူတာနည်းပညာများ အခမဲ့သင်ကြားပေးနေ

မြတ်နိုးခင်

ထိုင်းနိုင်ငံအနှံ့ ရောက်ရှိနေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကွန်ပျူတာ နည်းပညာနှင့် ပတ်သက်သော ဟောပြောပွဲများနှင့် သင်တန်းများကို ညီနေမင်း(နည်းပညာ)မှ လွန်ခဲ့သော ၃ လမှစပြီး အခမဲ့ သင်ကြားပေးနေကြောင်း သိရသည်။

ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ရိုးရိုးသာမန် အလုပ်သမားဘဝမှ ပိုမိုမြင့်မားသော နေရာသို့ ရောက်ရှိနိုင်စေရန် ကွန်ပျူတာကို အကျိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲများနှင့် ကွန်ပျူတာ သင်တန်းများကို အခမဲ့ သင်ကြားပေးနေရခြင်း ဖြစ်ကြောင်း ကိုညီနေမင်းမှ အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။

" ရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေက ကွန်ပျူတာသာ ဝယ်နိုင်ကြတာ။ သိပ်ပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြုနိုင်ကြဘူးလေ။ အဲဒါကို ကျွန်တော်တို့က သီချင်းနားထောင်တာ၊ ဗီဒီယို ကြည့်တာလောက်ပဲ မသုံးစေချင်ဘူး။ အကျိုးရှိတဲ့နေရာတွေမှာ အသုံးပြုစေချင်တယ်။ သူတို့က အခုလက်ရှိ လုပ်နေတဲ့ ရိုးရိုးသာမန် အလုပ်သမားဘဝကနေ ကောင်းတဲ့နေရာတွေကို ရစေချင်တယ်။ လုပ်ငန်းနေရာ ကောင်းကောင်း၊ ဒါမှမဟုတ် အားနေတဲ့အချိန်တွေမှာ ကွန်ပျူတာနဲ့ ပတ်သက်တာလေးတွေကို သင်ထားမယ်၊ လေ့လာထားမယ်ဆိုရင် မြန်မာပြည်ပြန် သွားတဲ့အချိန်ကျရင် စီးပွားရေးတစ်ခု အကောင်အထည်ဖော်တဲ့အချိန်မှာ သင်ထားတဲ့ ပညာတွေ ကို အသုံးချပြီးတော့ လုပ်နိုင်တာပေါ့။ " ဟု ပြောသည်။

ကွန်ပျူတာ နည်းပညာပိုင်းနှင့် ပတ်သက်ပြီး Hardware ပါ၊ software ပါ နှစ်မျိုးစလုံး သင်ကြားပေးပြီး လက်တွေ့စမ်းသပ်မှုပါ သင်ကြားပေးကြောင်း သူက ဆိုသည်။

" Hardware ရော၊ Software ရော နှစ်မျိုးစလုံး သင်ပေးတယ်။ ပထမဆုံးတော့ Software ပိုင်းပါပဲ။ အဲဒါပြီးမှ Hardware အပိုင်းပေါ့။ ဟောပြောပွဲတွေက ပိုများတယ်။ သင်တန်းက ၃ ခုလောက်ပဲ ရှိဦးမယ်။ ရနောင်းမြို့မှာရှိတဲ့ မြန်မာလူငယ် အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ လူငယ်အားမာန် ပရဟိတအဖွဲ့ မှာလည်း သင်တန်းပေးခဲ့တယ်။ သင်တန်းကာလက ၂ လ လောက် ကြာတယ်။ အဲဒီမှာ အခြေခံပိုင်းတွေ၊ ကွန်ပျူတာ သုံးပုံသုံးနည်းတွေ၊ software ပိုင်းတွေကို သင်ပေးတယ်။ နောက်ပြီးတော့ hardware နဲ့ ပတ်သက်ပြီးလည်း သင်ပေးတယ်။ ပထစသင်တုန်းက စာတွေ့ရော လက်တွေ့ရော သင်တယ်။ " ဟုပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများတွင် အများစုမှာ အင်္ဂလိပ်စာ အခြေခံမရှိသူ ပိုများပြီး ကွန်ပျူတာသင်တန်းပေးရာတွင် အခက်အခဲများရှိကြောင်း၊ အချို့မှာ ကွန်ပျူတာ ဝယ်နိုင်သော်လည်း မည်သည့် ကွန်ပျူတာအမျိုးအစားသည် ပိုမိုကောင်းမွန်ကြောင်းကို မသိသောကြောင့် ဝယ်ရန် တွန့်တိုမှုများရှိနေပြီး ကွန်ပျူတာကို ကောင်းစွာသုံးတတ်မှ ဝယ်မည်ဟု ဆုံးဖြတ်ထားသူများလည်း ပါဝင်ကြောင်း သူကဆိုသည်။

ကွန်ပျူတာနည်းပညာပိုင်းနှင့် ပတ်သက်သော ဟောပြောပွဲများနှင့် သင်တန်းများအား ထိုင်းနိုင်ငံတွင်သာမက မြန်မာနိုင်ငံနေရာ တော်တော်များများတွင် ပြုလုပ်ခဲ့ကြောင်း၊ ယခုကဲ့သို့ ဟောပြောနိုင်ရန်နှင့် ပြန်လည်သင်ကြား ပို့ချနိုင်ရန် ၉ နှစ်ခန့် တစ်စိုက်မတ်မတ် ကြိုးစားခဲ့ရကြောင်းကို ကိုညီနေမင်းမှ ဆက်ပြောသည်။

" မြန်မာပြည်မှာတော့ ဟောပြောပွဲတွေ နေရာတော်တော်များများမှာ လုပ်ဖြစ်တယ်။ ရန်ကုန်၊ ပဲခူး၊ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်၊ ပုဂံ၊ ညောင်ဦး၊ မြဝတီ၊ ဗိုက် စတဲ့နေရာတွေပေါ့။ အဲဒီနေရာတွေမှာ ကွန်ပျူတာ အခက်အခဲရှိတဲ့ နေရာတွေဆိုရင်တော့ ဟောပြောပွဲတွေ လုပ်ပေးတယ်။ နတ်တလင်းမှာ တော့ ကွန်ပျူတာ ရှိတာမို့လို့ ရက်တိုသင်တန်းပေးခဲ့တယ်။ နောက်ပြီးတော့ ပုဂံ၊ ညောင်ဦးမှာ ဆိုရင်လည်း သူတို့သိချင်တာတွေ၊ သိသင့်သိထိုက်တာကို ပြောပြပေးခဲ့တယ်။ အများဆုံး သင်ပေးဖြစ်တာတော့ နတ်တလင်းနှင့် ရနောင်းမြို့မှာပါ။ ကျွန်တော် ဒီလိုပို့ချပေးနိုင်ဖို့အတွက် ၉ နှစ်လောက် တစ်စိုက်မတ်မတ် လေ့လာခဲ့ရတယ်။ ဘယ်လိုမျိုး လေ့လာသင်ယူခဲ့လဲဆိုတော့ မြန်မာနိုင်ငံက ထောက်လှမ်းရေး ဌါနက တစ်နေရာမှာ ဝင်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာလည်း အများကြီး မသင်လိုက်ရပါဘူး။ အပြင်ရောက်တဲ့ အချိန်ကျတော့ သင်တန်း တစ်လလောက် တက်ခဲ့တယ်။ အဓိကတော့ ကျွန်တော်က အင်တာနက်ကို လေ့လာတယ်။ အဲဒီအချိန်တုန်းက မြန်မာဝက်ဘ်ဆိုဒ်တွေ မရှိသေးဘူး။ ၂၀၀၈ လောက်မှ မြန်မာဝက်ဘ်ဆိုဒ်က စပေါ်တာပေါ့။ " ဟု ပြောသည်။

မဟာချိုင်မြို့မှာရှိသော ပရဟိတ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် (M. W. R. N )မှ ဖွင့်လှစ်သည့် ကွန်ပျူတာ သင်တန်းကျောင်းတွင် ၃ လ သင်ပေးဖို့ရှိကြောင်း သူက ဆိုသည်။

ပြည်ပနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံ အလုပ်သမားများမှာ အလုပ်လုပ်ရင်းနှင့် ပညာသင်ကြားရန် လိုအပ်ကြောင်း၊ မြန်မာပြည်ပြန် ရောက်လာချိန်တွင် မလုပ်မကိုင်တတ်သောကြောင့် ပိုက်ဆံများကို ထိုင်သုံးခြင်းမျိုး မဖြစ်စေဘဲနှင့် အရင်းအနှီးလုပ်ကာ ပညာများကို အကျိုးရှိရှိ အသုံးချသင့်ကြောင်း၊ ကွန်ပျူတာပိုင်းနှင့် ပတ်သက်၍ သိလိုသမျှကိုလည်း ဝက်ဘ်ဆိုဒ်တွင်သော်လည်းကောင်း၊ ဖုန်းဖြင့်မေးမြန်း၍ သော်လည်းကောင်း ပြုလုပ်နိုင်ကြောင်း လိုအပ်ပါက လူကိုယ်တိုင် လာရောက်ကူညီပေးနိုင်ကြောင်း ကိုညီနေမင်းမှ အကြံပေးတိုက်တွန်းထားသည်။

No comments: