Friday, September 20, 2013

ဖုန်းကတ်များ လိမ်လည်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရပ်ကွက်သားများ စွပ်စွဲ

နန်းမြင့်

ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ယုဇနဥယျာဉ်မြို့တော်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် တန်ဖိုးနည်းဖုန်းဆင်းကတ်များကို လိမ်လည်မှုများပြုလုပ်နေကြောင်း ရပ်ကွက်သားများက မီဒီယာကို ပြောကြားလိုက်သည်။

ယုဇနဥယျာဉ်မြို့တော်တွင် တန်ဖိုးနည်း ဖုန်းကတ်များကို ငါးကြိမ်အထိ ရောင်းချပေးပြီးဖြစ်ကာ ဖုန်းလျှောက်ထား သူများက မဲပေါက်ပြီး ဆင်းကတ်မရဘဲ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ တန်ဖိုးကြီးဖြင့် ပြန်လည် ရောင်းချနေကြောင်း ရပ်ကွက်သားများက အမျိုးသားဒီမိုကရေစီပါတီသစ်ရုံးတွင် ရှင်းလင်းပွဲလုပ်ကာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပထမအကြိမ်မှာ ဖုန်းမဲပေါက်ပြီး ဆင်းကတ်မရဘူး။ ဖောင်(Form) တင်ပြီး မဲနှိုက်တဲ့အချိန်မှာ မဲပေါက်နေတယ်။ ရောင်းတဲ့နေ့မှာ စာရင်းမပါတော့ဘူး”ဟု ၉၄ ရပ်ကွက်နေ ဦးမင်းဇော်က ပြောသည်။

ယခုကဲ့သို့ စွပ်စွဲခံနေရသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် အာဏာ အလွဲသုံးစားပြုမှုနှင့် ရပ်ကွက်နေ ပြည်သူများ က ပြည်ထဲရေးကိုလည်း တိုင်တန်းခံထားရသည်။

“ကျွန်တော်က ဖုန်းကို လျှောက်လွှာမတင်ဘဲ ရထားပါတယ်။ မသမာတဲ့နည်းနဲ့ လိမ်ရောင်းလို့ ၀ယ်ထား လိုက်ပါ တယ်။ ပြဿနာတက်ရင် ရှင်းနိုင်လားလို့မေးတော့ အားလုံး ငြိမ်းချမ်းပါတယ်တဲ့။ ပွဲစားကိုယ်တိုင် လာရောင်းတော့ ပွဲစားခ သုံးထောင် ပေးရတယ်။ ဖုန်းဆင်းကတ်ကို သုံးသောင်းခွဲနဲ့ ၀ယ်ခဲ့တယ်”ဟု ဖုန်း ကတ်ဝယ်ခဲ့သူ ဦးမျိုးမြင့်က ဆိုသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယခုဖြစ်ပျက်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး လာမည့် လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်းမေးမည်ဟု ကတိပေးထားပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ကျင့်ဝတ်နှင့် မညီသည့် အချက်များကို တာဝန်မှ ရပ်စဲနိုင်ကြောင်း ပြောဆိုသည်။

No comments: