Thursday, September 19, 2013

ထားဝယ်မှ ထိုင်းနိုင်ငံ ကန်ချနရီသို့ လမ်းဖောက်လုပ်မှု ဒေသခံတို့ နစ်နာကြေး တောင်းဆို

ကြယ်ပြာ

တနင်္သာရီတိုင်း ထားဝယ်မှ ထိုင်းနိုင်ငံကန်ချနဘူရီသို့ ကားလမ်းမကြီးဖောက်လုပ်ရာမှ ပျက်စီးသွားသည့် မြေယာ နစ်နာကြေးများကို ယခုလကုန်တွင် ဒေသခံတို့က ရယူလိုပြီး ပေးလျော်ခြင်းမရှိက ဥယျာဉ်များတွင် စိုက်ပျိုးမှုများ ပြန်လည် လုပ်ဆောင်သွားမည်ဟု ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောသည်။

“လျော်ကြေးက ဘယ်တော့ ထပ်ပေးမယ်ဆိုတာလည်း မပြောဘူး။ မရေမရာ ဖြေနေတော့ ကိုယ့်မြေ ကိုယ် ပြန်သိမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကဘဲ အကောင်းဆုံးဖြစ်လာမှာပါ ဒါမှလဲ ပိုင်ရှင်တွေ စိတ်အေးရမှာ”ဟု ဥက္ကဋ္ဌ ဦးတင်လှိုင်က ဆိုသည်။

နိုင်ငံချင်းဆက်လမ်းမကြီး ဖောက်လုပ်ရန် လျော်ကြေးများပေးမည်ဆိုသော ကတိဖြင့် အီတာလျံ - ထိုင်း ကုမ္ပဏီမှမြေယာများကို ၂၀၁၂ ခုနှစ်က မြေယာများ သိမ်းယူခဲ့ခြင်းဖြစ်ပြီး ကားလမ်းတစ်လျှောက်တွင် ကျေးရွာပေါင်း ၂၀ ခန့် ရှိသည်။

ထို့နောက် ၂၀၁၀ မှယခုနှစ်အထိ မြေယာလျော်ကြေးများ ၁၁၁ ကြိမ်တိုင်အောင် ပေးလျော်ခဲ့သော်လည်း ခမောင်း သွယ်တိုက်နယ်မှ မေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြူချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုး စသော ရွာများမှ ခြံမြေများအား လျော်ကြေးပေးခြင်း မရှိသေးပေ။

“ဒီလ၂၈ ရက်မှာ ကျွန်တော်တို့ အီတာလျံ-ထိုင်းကုမ္ပဏီကို တွေ့ဆုံဆွေးနွေးလိုကြောင်း စာပို့သွားမှာပါ ဒေသခံတွေဘက်ကတော့ ကုမ္ပဏီနဲ့တွေ့ဖို့ အဆင့်သင့်ဖြစ်နေပါပြီ”ဟု DDA အဖွဲ့ဝင် ကိုသန့်ဇင်ကပြောသည်။

အသိမ်းခံရသော မြေယာများတွင် မပါဝင်သော်လည်း ကားလမ်းမမှာ တောင်ပေါ်တွင် ဖောက်လုပ်ခြင်းကြောင့် စီမံကိန်းမှ ထွက်ရှိလာသော စွန့်ပစ်မြေများကြောင့် ပျက်စီးကုန်သော ဥယျာဉ်ခြံများအပြင် သောက်သုံးရေအဖြစ် အသုံးပြုသော ချောင်းများပါ ပျက်စီးခြင်းများလည်း ရှိနေသည့်အတွက် ရေရှားပါးသော ပြသနာများကို ဖြေရှင်ရန် DDA မှ ကားများဖြင့် ရေများဖြန့်ဝေပေးနိုင်ရန် အစီအစဉ်များ ပြုလုပ်ထားသည်။

လျော်ကြေးမရသေးသော ရွာခုနှစ်ရွာမှ ဥယျာဉ်ခြံပိုင်ရှင် ၃၈ ဦးသည်လည်း ယခုလကုန်ထိအောင် အခြေအနေ မပြောင်းလဲပါက အားလုံး၏ သဘောတူညီချက်များအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု အစည်းအဝေး တွင် ပါဝင်ခဲ့သည့် ဥယျာဉ်ခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးရဲက မဇ္ဈိမသို့ ပြောသည်။

အီတာလျံ-ထိုင်း ကုမ္ပဏီသည် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံထားပြီး၊ စီမံကိန်းတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ သံမဏိစက်ရုံများ၊ ရေနံသန့်စင်ရေး စက်ရုံများ၊ ရထားလမ်းနှင့် ကားလမ်းများကို ဖောက်လုပ်နေခြင်းဖြစ်သည်။ စီမံကိန်းအား ၂၀၀၈ ခုနှစ် မေလကနှစ်နိုင်ငံ အစိုးရတို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

No comments: