Thursday, September 19, 2013

ကယားပြည် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ပါတီကြီး (၄) ဖွဲ့ဆွေးနွေး

ဖြူဖြူကို

ကယားပြည်နယ်မှ နိုင်ငံရေး ပါတီကြီး (၄) ခု၏ ကိုယ်စားလှယ် များသည် ပြည်နယ် ငြိမ်းချမ်းရေး ဖြစ်စဉ် များကို ပြန်လည် သုံးသပ် ခဲ့ကြရာတွင် အမြင် သဘောထားများ ကွဲပြား ခဲ့ကြသည်ဟု ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) မှ စောဖိုးခွါး ကဆိုပါသည်။

“ သုံးသပ်ပွဲကို လွိုင်ကော်မြို့ ကတ်သလစ် ဓမ္မာရုံ အ.ထ.က-(၃) အနီးမှာ ဒီနေ့ (၉) နာရီ ကနေ (၁၂) ခွဲ အထိ ကျင်းပကြ ပါတယ်။ ဆွေးနွေးပွဲ ပုံစံကတော့ လူထုက မေးခွန်း ထုတ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် (၃) ပါတီနဲ့ အစိုးရ ကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ်တွေ ဖြေတဲ့ ပုံစံပါ။ အမြင် ကွဲတာက ကြံ့ခိုင်ရေးက တဖက် ကျန်တဲ့ (၃) ပါတီ ကိုယ်စားလှယ် က တဖက် ဖြစ်နေတယ်” ဟု ဆိုပါသည်။

ယင်း ငြိမ်းချမ်ရေး ဖြစ်စဉ်ပေါ် သုံးသပ်သည့် ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးခဲ့သည့် ပုဂ္ဂိုလ် (၄) ဦးမှာ ကယန်းပြည် သစ်ပါတီမှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်၊ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ နိုင်ငံရေးနှင့် ဆက်ဆံရေး ဗိုလ်မှူးကြီး ဘုန်းနိုင်၊ လွိုင်ကော်မြို့နယ်ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး ပါတီ ဦးခင်မောင်ညို၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် တပ်ဦး (KNPLF ခေါ် ကလလတ)မှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး မန်းသက်ဖော တို့ ဖြစ်ကြပါသည်။

စစ်ရေးနှင့် လုံခြုံရေး အကြောင်းကို ဆွေးနွေးရာတွင် ကယားပြည်နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက တိုင်းတတိုင်း၌ စစ်ရေး လေ့ကျင့်ရေးကျောင်း တကျောင်း ရှိသင့်သည်ဟု အကြံပြုပါသည်။ သို့သော် ကျန်သည့် ကိုယ်စားလှယ် (၃) ဦးမှာ အစိုးရ အနေနှင့် စစ်အင်အား တိုးချဲ့နေသည့် သဘော ဖြစ်နေသဖြင့် လုံးဝ လက်မ ခံနိုင် ကြောင်း ပြန်လည် ဆွေးနွေးရာ အမြင် ကွဲလွဲနေကြ ခြင်းဖြစ်သည်ဟု ဆိုပါသည်။

ကလလတသည် (၁၉) နှစ်ကျော် ငြိမ်းချမ်းရေး ရယူ ထားသည့် အဖွဲ့ဖြစ်ပါသည်။ ၄င်းတို့သည် အစိုးရနှင့် အပစ်ခတ် ရပ်စဲစဉ် သဘော တူညီမှုများ ရယူခဲ့ပါသည်။ ၄င်းသဘော တူညီချက်များထဲမှ တချို့ကို အစိုးရမှ ယနေ့အထိ အကောင်အထည် မဖေါ်ပေးကြောင်း ဆွေးနွေး ခဲ့သလို KNPP မှလည်း ၄င်းတို့ အစိုးရနှင့် ရယူ ခဲ့သည့် အချက် (၁၄) ချက်ကို ရှင်းပြပြီး ယခုချိန်ထိ အကောင်အထည် မဖေါ်သေးကြောင်း တင်ပြပါသည်။

ကယားပြည်မှ ကြံ့ခိုင်ရေး ပါတီ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်ကမူ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်လွတ်တော် အတွင်း ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့သည့် အကြောင်းအရာ များကို တင်ပြ ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားနှင့် အစိုးရကြားငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တဖက်နှင့် တဖက် နားလည်မှု လွဲ၍ ယုံကြည်မှု မရှိခြင်းကြောင့် ပြီးခဲ့သည့် ငြိမ်းချမ်း ရေးပွဲတွေမှာ ပျက်ပြယ်သွားခြင်း ဖြစ်ရကြောင်း ဆွေးနွေးခဲ့ပါသည်။

အလားတူ ငြိမ်းချမ်းရေး ရဖို့ အတွက် ဘာတွေ လုပ်ဆောင်ရမည်၊ ဘာအခက်အခဲ ရှိနေသည်ကို ဆွေးနွေးပြီး ငြိမ်းချမ်းရေး ရရန်အတွက် လက်တွေ့လုပ်ငန်းစဉ် (၇)ရပ်ကိုအကောင်ထည် ဖော်ဖို့ လိုသည်ဟု ကယန်းပြည်သစ် ပါတီမှ အတွင်း ရေးမှူး(၁) ဗိုလ်မှူးကြီး စောလွင်က ပြောပါသည်။

“အစိုးရက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေငြာပေးဖို့၊ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် သမာသမတ် ကျတဲ့ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ကဖွဲ့ဖို့၊ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ကိုကြေငြာပေးဖို့၊ ပင်လုံ စိတ်ဓာတ် အခြေခံတဲ့ ညီလာခံ ကျင်းပပြီး ကော်မရှင် တရပ် ခန့်အပ်ဖို့၊၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပြီး ဆုံးဖြတ်ချက်ဖို့၊ ဆုံးဖြတ်ချက်တွေကို ပြည်သူ့ လွတ်တော်နဲ့အမျိုးသား လွတ်တော်က အမြန် အတည်ပြုပေးဖို့ နဲ့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပဖို့ ဖြစ်တယ်” ဟု ဆိုပါသည်။

ထိုဆွေးနွေးပွဲတွင် ကယန်းပြည်သစ် ပါတီမှ အစိုးရက တနိုင်ငံလုံး အပစ်ခတ်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မည်ဆိုလျှင် ဘယ်တော့မှ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မည် မဟုတ်ကြောင်း ပြောခဲ့သလို အစိုးရ အနေဖြင့် တပြည်လုံး အတိုင်းတာ အပစ်ခတ် ရပ်စဲရေး မကြောငြာပေးလျှင် ကယန်းပြည်သစ် ပါတီ အနေဖြင့် လက်မှတ် ထိုးမည် မဟုတ်ကြောင်း ဆိုပါသည်။

ကယားပြည်နယ်ရှိ ကရင်နီ လက်နက်ကိုင် အဖွဲ့များသည် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပူးပေါင်း ဆောင်ရွက်နေကြသော်လည်း တဖွဲ့တည်း ဖြစ်ရန် အစီအစဉ် မရှိသလို တဖွဲ့တည်းဖြစ်လာရန် ဆန္ဒရှိကြကြောင်း ဆိုပါသည်။

ဤ (၄) ပါတီ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အား ပြန်လည် သုံးသပ်သည့် ဆွေးနွေးပွဲသို့ ငြိမ်းဖောင်ဒေးရှင်း၊ မေတ္တာဖောင် ဒေး ရှင်း၊ IRC ၊ MRC ၊UNHCR နှင့် ကရင်နီ လူငယ်များ၊ ပအိုဝ့် လူငယ်များ၊က ယန်း အမျိုးသမီး လူငယ်များစုစုပေါင်း (၁၀၀) ကျော်တက် ရောက်ခဲ့ကြပြီး ၄င်းတို့ သိလိုသည်များကို မေးမြန်း ခဲ့ကြောင်းဆိုပါသည်။

ဤကဲ့သို့ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် သုံးသပ်သည့် ဆွေးနွေးပွဲ ဖြစ်လာရန် ကရင်နီပြည် လူငယ်များ သမဂ္ဂ (UKSY) မှ ကမကထပြု ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ (UKSY) သည် ၂၀၀၇ ခုနှစ်တွင် Kayar State Youth အမည်ဖြင့် ကရင်နီ လူငယ် အစည်းအရုံး (KNYO)၊ ကရင်နီ လူမျိုး ပေါင်းစုံ ပြည်သူ့ လွတ်မြောက် တပ်ဦး (KNPLF ခေါ် ကလလတ)၊ က ယန်းမျိုးဆက်သစ် အဖွဲ့ (KNGY) တို့ ပူးပေါင်းပြီး စတင် တည်ထောင် ခဲ့ပါသည်။

ဤကဲ့သို့ တည်ထောင်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံကို ကန့်ကွက် လှုပ်ရှား ခဲ့ကြသဖြင့်ခေါင်းဆောင် သုံးဦး အဖမ်း ခံရခဲ့ပြီး (KSY)သည်လည်း ပျက်စီး သွားခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် (UKSY)အမည်ဖြစ် တရားဝင် လှုပ်ရှားလာပြီး ကရင်နီ လူငယ်အစည်း အရုံး (KNYO)၊ ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် တပ်ဦး (KNPLF ခေါ်ကလလတ)၊ ကယန်း မျိုးဆက်သစ် အဖွဲ့ (KNGY) ၊ ၀ိဇ္ဖာသိပ္ပံ ကျောင်းသားများ သမ္မဂ္ဂ နှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတသီး ပုဂ္ဂတို့ဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။

No comments: