Monday, September 23, 2013

စစ်တပ်က မသိမ်းဟုဆိုသော်လည်း ဂေါက်ကွင်းလုပ်ထားသော တောင်ကုတ်က မြေ (၆၆) ဧကကို လယ်သမားများ ပြန်မရ

နိရဉ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ပြုလုပ်ထားသော ဂေါက်ကွင်းအတွက် မြေ (၆၆) ဧကကို စစ်တပ်က သိမ်းထားခြင်း မဟုတ်ကြောင်း တပ်မတော် အရာရှိကြီးများက ထုတ်ဖေါ် ပြောဆိုသော်လည်း လယ်သမားများ အနေဖြင့် အဆိုပါ မြေများကို ပြန်မရဘဲ ဖြစ်နေသည်ဟု သိရသည်။

ယခုလ စက်တင်္ဘာလ ၇ ရက်နေ့က ဂေါက်ကွင်းအတွက် လယ်သိမ်းခံထားရသူ လယ်သမားများအား တောင်ကုတ် အခြေစိုက် စကခ(၅) မှ ခေါ်ယူပြီး ကိုင်းရှည်ကျေးရွာမှ ဂေါက်ကွင်း အတွက် သိမ်းယူထားသော မြေ(၆၆) ဧကမှာ တပ်မတော်မှ သိမ်းယူခြင်း မဟုတ်ကြောင်း၊ အဆိုပါ မြေသိမ်းမူမှာ တပ်မတော်နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်ဟု တောင်သူများက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် တပ်မတော်မှ သိမ်းယူထားသော လယ်မြေဧကမှာ လယ်သမား ၅၇ ဦးထံမှ (၃၁၂) ဧကသာ ရှိပြီး အဆိုပါ မြေများ အထဲတွင် ကိုင်းရှည်ကျေးရွာမှ ဂေါက်ကွင်း အတွက် သိမ်းထားသော လယ်မြေ (၆၆) ဧက မပါဝင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့အတွက် လယ်မြေ (၆၆) ဧကကို လျှော်ကြေး တစ်ပြားတစ်ချပ်မှ မရဘဲ အသိမ်းခံထားရသော လယ်သမား (၇) ဦးက တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံသို့ သွားရောက် စုံစမ်း မေးမြန်းရာ အုပ်ချုပ်ရေးမှူးမှလည်း အဆိုပါ မြေများ သိမ်းပိုက်ထားမူမှာ နိုင်ငံတော်နှင့် တစ်စုံတစ်ရာ ပတ်သက်မူ မရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်ဟု တောင်သူ တစ်ဦးက ပြောသည်။

“ အုပ်ချုပ်ရေးမှူး ပြောတာကတော့ အဆိုပါကိစ္စဟာ နိုင်ငံတော် အစိုးရရဲ့ တရားဝင် စီမံချက်နဲ့ ပြုလုပ် ထားတဲ့ လုပ်ဆောင်ချက် မဟုတ်သလို အစိုးရပိုင် ဂေါက်ကွင်း လည်း မဟုတ်ပါကြောင်း ပြောပြီး သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ငြင်းဆို လိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

တောင်ကုတ် ဂေါက်ကွင်း အတွက်ဟု ဆိုပြီး တောင်ကုတ် ကိုင်းရှည်ရွာမှ တောင်သူ လယ်သမား (၇) ဦးပိုင် မြေဧရိယာ အကျယ်အ၀န်း (၃၃) ဧကနှင့် နွားစားကျက် (၃၃) ဧက၊ စုစုပေါင်း(၆၆) ဧကကို ၂၀၀၁ ခုနှစ်က သိမ်းယူ သွားခဲ့သည်။

၎င်းမြေများကို သိမ်းဆည်းစဉ်က တောင်ကုတ် အခြေစိုက် (စကခ-၅) စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် မြင့်စိုး၏ အမိန့်အရဆိုကာ ရာဇသံပေး မောင်းထုတ်ခဲ့သဖြင့် စပါးများကို ဖြစ်သလို ကသုတ်ကရုတ် ရိတ်သိမ်းကာ လယ်ယာမြေများမှ စွန့်ခွာခဲ့ကြရသည်ဟု လယ်သမားများက ပြောသည်။

ယခုအခါ အဆိုပါ လယ်သိမ်းမူနှင့် ပတ်သက်ပြီး တိုင်တန်းမူများနှင့် အတူ ပြဿနာ ပေါ်ပေါက်လာရာ အဆိုပါ လယ်မြေ (၆၆) ဧကကို မည်သူမျှ မသိမ်းဟု ပြောဆိုကာ ငြင်းဆို ခဲ့ကြသည်ဟု ဆိုသည်။

၎င်းလယ်မြေများကို ဂေါက် ကွင်းအဖြစ် သိမ်းယူစဉ်က နိုင်ငံတော်၏ စီမံချက် လုပ်ထုံးလုပ်နည်းဥပဒေများနှင့် အညီ တာဝန်ယူဆောင်ရွက်ခြင်းမျိုး မဟုတ်သဖြင့် ယခုအခါ မည်သူကမှ ပိုင်ရှင် အမည် မခံကြကြောင်း၊ အဆိုပါ ဥပဒေမဲ့ လုပ်ရပ်ကြောင့် ဆယ်နှစ်ဆယ်မိုး လယ်ယာထွန်ယက် စိုက်ပျိုးနိုင်ခြင်း မရှိ၍ မူလပိုင်ရှင် လယ်သမားများ အနေဖြင့် အထူးထိခိုက်နစ်နာခဲ့ရကြောင်း ဆိုသည်။

စစ်တပ်နှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ၎င်းလယ်မြေများမှာ သူတို့နှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်း မရှိဟု ပြောဆိုသော်လည်း အဆိုပါ လယ်မြေများကို လယ်သမားများ အနေဖြင့် ယခုအချိန်ထိ ပြန်လည် ရရှိခြင်း မရှိသေးကြောင်း၊ အကြောင်းမှာ အဆိုပါ လယ်မြေများမှာ မြို့မိ မြို့ဖများ လက်ထဲကို ရောက်နေ၍ ဖြစ်ကြောင်း ဒေသခံ လယ်သမား တစ်ဦးက ဆက်ပြောဆိုသည်။

“ လက်ရှိ သိရတာကတော့ ဂေါက်ကွင်းကော်မတီကနေ အခု အဲဒီမြေတွေကို တောင်ကုတ် မြို့မိမြို့ဖတွေကို ယာယီ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့မိ မြို့ဖတွေကတော့ ဒီမြေတွေကို အခု အချိန်ထိ ကျွန်တော်တို့ လက်ကို မအပ်သေးပါဘူး” ဟု ဆိုသည်။

ပြည်ထောင်စု လွှတ်တော်၏ ပြဌာန်းချက် ဥပဒေများအရ မူလ ပိုင်ရှင် လယ်သများ သိမ်းဆည်းခံရသော လယ်မြေများကို ဥပဒေနှင့် အညီ ပြန်လည် တောင်းဆိုပိုင်ခွင့် ရရှိနေပြီ ဖြစ်ရာ အဆိုပါ မြေဧက (၆၆) ကို ပြန်လည် တောင်းဆိုသွားမည်ဟု ဆိုသည်။

အကယ်၍ ပြန်မပေးအပ်ပါက လုပ်ထုံး လုပ်နည်းများနှင့် အညီ ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟုလည်း လယ်သမားများက ပြောဆိုသည်။

No comments: