Tuesday, September 3, 2013

ထိုင်းရောက် လေးနှစ်ဗီဇာပြည့်အလုပ်သမားများ တစ်လအတွင်း သက်တမ်းပြန်တိုးမြှင့်နိုင်မည်

ဖနိဒါ | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၃ ရက် ၂၀၁၃

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် လေးနှစ်ဗီဇာပြည့်ပြီးသော ရွှေ့ပြောင်းအလုပ်သမားများကို တစ်လအတွင်း ဗီဇာ သက်တမ်းတိုးခွင့်ပြုလိုက်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောသည်။

ဘန်ကောက်မြို့ စမွတ်စခွန် (မဟာချိုင်) ရှိ ထလေထိုင်းဈေး Talay Thai Market ခန်းမဆောင်တွင် စက်တင်ဘာ ၁ ရက်က MWRN နှင့် ထိုင်းနိုင်ငံအလုပ်သားမား ၀န်ကြီးဌာနမှ ကိုယ်စားလှယ်ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ပရာဗစ်ခရင်လ်ပူလ်က တို့ တွေ့ဆုံစဉ်ပြောခြင်းဖြစ်သည်။

“လေးနှစ် ဗီဇာကုန်ဆုံးသွားသော ရွှေ့ပြောင်းအလုပ်သမားများ၏ အနာဂတ်” ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ် ပွဲပြုလုပ် ရာတွင် “တစ်လအတွင်း အားလုံးအပြီးအစီး သက်တမ်းပြန်တိုးမြှင့်ရမယ်ဆိုတာကို သဘောတူထားတယ်။ အဲဒါကို အတည်ပြုပေးလိုက်ပြီ။ သို့သော် အချက်အလက်အပြည့်အစုံကို စက်တင်ဘာလ ၅ ရက်မှာ မြန်မာဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပြီး တရားဝင်သတင်း ထုတ်ပြန်ပေးပါ့မယ်လို့ ပြောသွားတယ်” ဟု ဦးအောင်ကျော်က ပြောသည်။

၂၀၀၉ ခုနှစ်အတွင်း ထုတ်ပြန်သည့် ထိုင်းနိုင်ငံဥပဒေအရ လေးနှစ်ဗီဇာသက်တမ်း ပြည့်ပြီးသူများ မိမိနိုင်ငံသို့ သုံးနှစ်ပြန်သွားပြီးမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့် ဗီဇာပြန်လည်တိုးမြှင့်နိုင်သည်ဆိုသည့် ဥပဒေကို ထိုင်းအစိုးရက ရုပ်သိမ်းလိုက်ကြောင်းနှင့် သုံးနှစ်ပြန်ရန်မလိုဘဲ တစ်လအတွင်း ဗီဇာသက်တမ်း တိုးနိုင်ကြောင်း နှုတ်အားဖြင့် ပြောဆို ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေတစ်ရပ် အမြန်ဆုံးထုတ်ပြန်ပေးရန်၊ ဗီဇာသက်တမ်း တိုးရန်အတွက် ကုန်ကျမည့် ဈေးနှုန်းများအား နှစ်နိုင်ငံတာဝန်ရှိသူများနှင့် အလုပ်ရှင်များအနေဖြင့် သက်သာစွာဖြင့် သတ်မှတ်ပေး ရန်နှင့် ဗီဇာတိုးရန်အတွက် နယ်စပ်ဒေသထိ သွားရောက်လုပ်ဆောင်မှုထက် ထိုင်းနိုင်ငံ အတွင်းမှပဲ စီစဉ်ဆောင် ရွက်ပေးရန် MWRN က ထိုင်းအလုပ်သမားကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်ဟုလည်း ဦးအောင်ကျော်က မဇိ္ဈမကိုပြောသည်။

နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲထိကျင်းပခဲ့ပြီး မဟာချိုင်မှ အလုပ်သမားရှာဖွေရေးဌာန၊ လူဝင်မှုကြီးကြပ်ရေး (လ၀က) မှ ကိုယ်စားလှယ်များ၊ ထိုင်းအလုပ်သမား သမဂ္ဂများ၊ NGO အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်း အလုပ်သမား ကိုယ်စားလှယ်များအပါအ၀င် စုစုပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်က ဗီဇာလေးနှစ်သက်တမ်းပြည့်ပြီးသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများကို တရားဝင်ဆက်လက် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို သြဂုတ်လနောက်ဆုံးပတ်မှ စတင်လုပ်ဆောင်ပေးမည်ဟု ဘန်ကောက်မြို့၊ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သည်။

လတ်တလောတွင် ပိတ်ထားလျက်ရှိသည့် စမုပရာကန်၊ စမွတ်စခွန် (မဟာချိုင်)၊ စူရတ်ဌာနီ၊ ချင်းမိုင်၊ လရောင်၊ ပထုံဌာနီ၊ ကန်ချနဘူရီစသောဒေသများရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၁ခုကိုလည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ပြန်လည်ဖွင့်လှစ်ကာ ရုံးအသစ်များကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ရေး စီစဉ် သွားမည်ဖြစ်ကြောင်းမြန်မာသံမှူးကြီး ဦးမျိုးတင့်ကမဇ္စျိမကို ပြောဆိုထားသည်။

အလားတူ မြန်မာပြည်ဝင်ခွင့်ဗီဇာရရှိထားသော ထိုင်းနိုင်ငံသားများအပါအ၀င် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအတွက် ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်းနှင့် ထီးခီး-နမ့်ဖုရော်န်စသည့် ဂိတ်လေးခုကို ပြီးခဲ့သည့်သြဂုတ်လ ၂၈ ရက်က ဖွင့်လှစ်လိုက်သည်။

No comments: