Tuesday, September 10, 2013

တရုတ်နိုင်ငံမှ ဟန်းဆက်တင်သွင်းသည့် လမ်းကြောင်းအချို့ ပြတ်တောက်ဟုဆို

ချိုကို

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဟန်းဆက်များ ဈေးကွက်အတွင်း ပစ္စည်းပြတ်

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် ဟန်းဆက်များ ဈေးကွက်အတွင်း မိုဘိုင်းဆိုင်အများစုတွင် ပစ္စည်းပြတ်လပ်မှုများရှိနေပြီး တရုတ်နိုင်ငံမှ ဟန်းဆက်တင်သွင်းသည့်လမ်းကြောင်းအချို့ ပြတ်တောက်ခြင်းကြောင့် ယင်းသို့ပစ္စည်း နည်းနေခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်းဆိုင်အများစုက ဆိုသည်။ ပစ္စည်းပြတ် နေခြင်းကြောင့် ဈေးနှုန်း အနည်းငယ် မြင့်တက်လာသည်ဟုလည်း မိုဘိုင်းဆိုင်အများစုက ပြောသည်။

ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေခြင်းနှင့်ပတ်သက်ပြီး လူကြီးမင်းမိုဘိုင်းဖုန်းဆိုင်မှ အထွေထွေ မန်နေဂျာဒေါ်ဇာခြည်က “ဈေးကွက်ထဲမှာ ဟန်းဆက်ပြတ်လပ်မှုတွေတော့ရှိတယ်။ အများအားဖြင့် စီဒီအမ်အေ ဖုန်းတွေ များတယ်။ ဟန်းဆက်တွေ ပြတ်လပ်သွားတာကလည်း တရုတ်ကနေတင်သွင်းတဲ့ လမ်းကြောင်းအချို့က တင်သွင်းမှုပြတ်တောက်နေလို့ပါ”ဟု မဇ္ဈိမကို စက်တင်ဘာ ၈ ရက်တွင် ပြောသည်။

Mr.Fone မိုဘိုင်းဆိုင်မှ အထွေအထွေ မန်နေဂျာ ကိုထက်လင်းကလည်း “ဆိုင်မှာတော့ ဟန်းဆက်ပြတ်လပ်မှုတော့ ရှိနေပါတယ်။ ဒါပေမဲ့ လုံးဝပြတ်တောက်သွားတာတော့ မဟုတ်ပါဘူး”ဟု ဆိုသည်။ လက်ရှိတွင် ဈေးကွက်အတွင်း စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဟန်းဆက်များ နည်းပါးနေပြီး ဈေးနှုန်းမှာလည်း ထောင်ဂဏန်းခန့် မြင့်တက်သွားသည်ဟု လည်း ဒေါ်ဇာခြည်က ပြောသည်။

မိုဘိုင်းဖုန်းဟန်းဆက်အများစုသည် တရုတ်နိုင်ငံမှတင်သွင်းသော ကုန်သည်များမှတစ်ဆင့် ပြန်လည် ၀ယ်ယူရခြင်းဖြစ်ပြီး ယင်းကုန်သည်များ ပစ္စည်းတင်သွင်းသည့်လမ်းကြောင်းအချို့မှ ပစ္စည်းတင်သွင်းခြင်း မရှိခြင်းကြောင့်ဟု ဆိုသည်။

ယင်းသို့ပစ္စည်းပြတ်လပ်သောကြောင့် ၀ယ်ယူရမှုအဆင်မပြေဘဲရှိနေသည်ဟုလည်း ၀ယ်ယူသူအများစုက ပြောသည်။ ထို့ပြင်နယ်အရောင်းဆိုင်များသည် ရန်ကုန်ဖုန်းဆိုင်များမှတစ်ဆင့် ပြန်လည်ဝယ်ယူရောင်းချရ ခြင်းဖြစ်ရာ ယင်းကဲ့သို့ ဟန်းဆက်ပစ္စည်းပြတ်နေသောကြောင့် ပြန်လည်ရောင်းချရာတွင် အဆင်မပြေဖြစ် သည်ဟု ဟင်္သာတမြို့Happy မိုဘိုင်းဆိုင်မှ ပိုင်ရှင် ဒေါ်သီတာက ပြောသည်။

ဒေါ်သီတာက “နယ်ကဆိုင်မှာ ဟန်းဆက်တွေ ပြန်ရောင်းဖို့ ပြီးခဲ့တဲ့တစ်ပတ်လောက်ကပဲ ရန်ကုန်တက်ပြီး ဟန်းဆက်တွေလာဝယ်တာ ဆိုင်တွေက ဟန်းဆက်ပြတ်နေတယ်လို့ ပြောတယ်။ စီဒီအမ်အေဟန်းဆက်တွေဆို ၀ယ်ဖို့တောင် တော်တော်ရှားတယ်”ဟု ပြောသည်။

ထို့ပြင် စီဒီအမ်အေဖုန်းဝယ်ယူသူ မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသမီးတစ်ဦးကလည်း “စီဒီအမ်အေ ဟန်းဆက် သွားဝယ်တာ ဆိုင်တွေမှာ ပစ္စည်းတွေပြတ်နေတယ်။ တချို့ဆိုင်တွေဆို စီဒီအမ်အေ ဟန်းဆက် ရှိတော့ရှိတယ်၊ရွေးချယ် စရာက မရှိဘူး”ဟု ပြောသည်။

တရုတ်နိုင်ငံမှတစ်ဆင့် ပြည်တွင်းသို့ ဟန်းဆက်တင်သွင်းသည့်လမ်းကြောင်းတချို့ တင်သွင်းခြင်းမရှိခြင်းကြောင့် ပစ္စည်းပြတ်လပ်သည်ဟု မိုဘိုင်းဖုန်းဆိုင်အများစုကဆိုသော်လည်း ပြည်တွင်းတွင် Show Room များဖွင့်လှစ်၍ လာရောင်းချသော Huawei ကုမ္ပဏီအနေဖြင့် ဟန်းဆက်တင်သွင်းခြင်းမှာ ပုံမှန် အနေအထားပင်ရှိသည်ဟု ယင်းကုမ္ပဏီက ဆိုသည်။

Huawei ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ မခင်ရတနာဝင်းက “ကျွန်မတို့ကုမ္ပဏီအနေနဲ့ ပစ္စည်းတင်သွင်းတာက ပုံမှန်အတိုင်းပဲ ရှိပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းကွန်ရက်လွှမ်းခြုံမှုမှာ ကျေးလက်ဒေသများတွင် များစွာလိုအပ်ချက်ရှိသေးပြီး ပြည်ပနိုင်ငံများရှိ ဆက်သွယ်ရေးအော်ပရေတာများကလည်း ငါးနှစ်အတွင်းတစ်နိုင်ငံလုံး၏ ၉၅ ရာခိုင်နှုန်းကို မိုဘိုင်းကွန်ရက် လွှမ်းခြုံအောင် ပြုလုပ်သွားမည်ဟု ဆိုထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သြဂုတ်လအတွင်း ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူ ၅ ဒသမ ၂ သန်းရှိသည်ဟု သိရသည်။ ကျပ် ၁၅၀၀ တန်ဂျီအက်စ်မ် မိုဘိုင်းဖုန်းများကိုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဧပြီလအတွင်း စတင်ချထားပေးခဲ့ပြီး တစ်လလျှင် အလုံးရေ ၃၅၀၀၀၀ ချထားပေးပြီး သြဂုတ်လအတွက် ၃၆၀၀၀၀ ချထားပေးသည်။

ဆက်သွယ်ရေးအတွက် ဖုန်းလိုင်းများ တိုးချဲ့ရာတွင်လည်း ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများကို အဓိက တိုးချဲ့နေ သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မဇ္ဈိမနှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရသောအော်ရီဒိုနှင့် တယ်လီနော်ကုမ္ပဏီတို့အား ဆက်သွယ်ရေး လုပ်ငန်းလုပ်ခွင့်လိုင်စင်နှစ်ခုချမှတ်ပေးပြီးနောက်တွင် မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်း အသုံးပြုမှာ ၂၀၁၇ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဟု စစ်တမ်းအရ သိရသည်။

ယမန်နှစ်တွင် မြန်မာနိုင်ငံအတွင်း၌ မိုဘိုင်းသုံးစွဲသူ ၁၀ ရာခိုင်နှုန်းအောက်သာရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းအသုံးပြုမှု ၅၀ ရာခိုင်နှုန်းကျော်ရှိနိုင်ပြီး မြို့ပြတွင် ၉၀ ရာခိုင်နှုန်းရှိမည်ဟု အဆိုပါစစ်တမ်းတွင် ခန့်မှန်းထားသည်။

No comments: